အမ်းမြို့နယ် ဒါးလက်ဒေသတွင် ဒေသခံပြည်သူ ၈ဝဝဝ ခန့် ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရဟုဆို

အမ်းမြို့နယ် ဒါးလက်ဒေသတွင် ဒေသခံပြည်သူ ၈ဝဝဝ ခန့် ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရဟုဆို

ဆောင်းဇာခြည် — ရိက္ခာသယ်ယူခွင့် အပိတ်ခံထားရသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စုတွင် နေထိုင်သော ရခိုင်နှင့် ချင်းတိုင်းရင်းသားပေါင်း ၈ဝဝဝ ခန့် ရိက္ခာပြတ်လပ်ပြီး စားဝတ်နေရေး အခက်ခဲနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

လူမှုရေးလှုပ်ရှားသည့် အမ်းမြို့မှ ကိုမျိုးလွင်က “ တစ်အုပ်စုလုံးက ပိတ်ခံထားရတာ။ ကုန်းလမ်းဘက်ကဆိုရင် ကဇုကိုင်းဘက်ရယ်၊ အမ်းမြို့ပေါ်ရယ်ကို ဖြတ်သွားတဲ့ ကားလမ်းပေါ့။ ရေလမ်းဘက်ကဆိုရင် ကမ်းထောင်းကြီးကို ဖြတ်သွားတဲ့ ဒါးလက်ချောင်းပေါ့။ အဲဒီနှစ်လမ်းပဲ ရှိတာ။ နှစ်လမ်းလုံးကို ပိတ်ထားတယ်။ စားနပ်ရိက္ခာတွေ ကို မသယ်ဖို့ ပိတ်ပင်ထားတယ် ” ဟု နိရဉ္စရာသို့ ပြောသည်။

ဒါးလက်အုပ်စုတွင် ကျေးရွာပေါင်း ၄၈ ရွာရှိပြီး ယင်းကျေးရွာများအား ရေလမ်း၊ ကုန်းလမ်းများအား တပ်မတော်က စစ်ရေးလုံခြုံမှုအရ ပိတ်ပင်တားဆီးထားသည်ဟု ပြောဆိုသည်။

အဆိုပါ လူဦးရေ ၈ဝဝဝ ခန့်တွင် ချင်းတိုင်းရင်းသား ၆ ထောင်ခန့်ရှိပြီး ရခိုင်တိုင်းရင်းသား ၂ ထောင်ခန့် ရှိကြောင်း၊ ထိုအထဲမှ လူဦးရေ သုံးထောင်ကျော်မှာ စားဝတ်နေရေး အခက်အခဲကြောင့် နေရပ်ကိုစွန့်ခွာကာ အမ်းမြို့ပေါ်၊ ကမ်းထောင်းကြီးမြို့၊ ကဇုကိုင်းကျေးရွာအုပ်စုနှင့် မကွေးတိုင်းဒေသဘက်သို့ ထွက်ခွာသွားကြသည်ဟု ဆိုသည်။

“အဲဒီဒါးလက်ဘက်မှာ လမ်းတွေကို ရံဖန်ရံခါတော့ ဟန်ပြသဘောမျိုး ဖွင့်ပေးတဲ့ သဘောရှိတယ်။ ဒေသခံတွေရဲ့ စားဝတ်နေရေးကို လုံးဝအဆင်ပြေအောင် ဖွင့်ပေးတဲ့သဘောမဟုတ်ဘူး။ ဟန်ပြပေါ့။ ဒါဟာ လက်ခံလို့ရတဲ့ အနေထား မဟုတ်ဘူး။ ဒေသခံတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်တာနဲ့ အတူတူပေါ့”ဟု ကိုမျိုးလွင်က ပြောသည်။

ကျေးရွာသားများအနေဖြင့် ရံဖန်ရံခါ ရေလမ်းမှ ကမ်းထောင်းကြီးမြို့သို့ ခိုးထွက်ကာ စက်လှေဖြင့် ဆန်များ တင်ဆောင်ကာ မျှဝေစားသောက်ခြင်းများ ရှိကြောင်း၊ ထိုကဲ့သို့ စက်လှေဖြင့် ခိုးထွက်ကာ စားရိက္ခာ ထွက်ဝယ်သည်ကို တပ်မတော်သားများက တွေ့လျှင် လက်နက်ငယ်များဖြင့် လှမ်းပစ်ခတ်ခြင်း၊ စက်လှေပါသူများအား ဖမ်းဆီးခြင်း၊ ဝယ်လာသည့် စားရိက္ခာများအား သိမ်းဆည်းထားလိုက်ခြင်းများ ပြုလုပ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ဘေးရှောင်များအား ကူညီပေးသည့် မအေးအေးမော်က “ဆန်တစ်အိတ်ကို နှစ်သောင်းဆိုရင် ကျွန်မတို့က လေးသောင်းပေးဝယ်ရတယ်။ ပြီးရင် အဲဒီမှာ ပိတ်မိနေတဲ့ ရွာသားတွေကို အိမ်ထောင်စုအလိုက် သွားလှူ ကြတယ်။ ဘယ်လိုလှူလဲဆိုတော့ ခိုးပြီး လှေနဲ့ သွားလှူတာပေါ့။ စက်လှေဆိုရင်လည်း အသံထွက်တော့ လှေလှော်ပြီး သွားကြတယ်ပေါ့ ” ဟု နိရဉ္စရာသို့ ပြေသည်။

ယခင် ဒါးလက်အုပ်စုရှိ ရွာပေါင်း ၄၈ ရွာထဲတွင် ကျေးရွာသားပေါင်း တစ်သောင်းတစ်ထောင်ကျော် နေထိုင်ခဲ့ကြရာ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလမှစပြီး ဒါးလက်အုပ်စုရှိ ရေလမ်း၊ ကုန်းလမ်းများအား ပိတ်ထားခဲ့မှုကြောင့် အခုအခါ လူဦးရေ ၈ဝဝဝ ခန့်သာ ရှိတော့သည်ဟုဆိုသည်။

တိုက်ပွဲများအကြား နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင် ၁၅၆၄၅၆ ဦးရေရှိပြီဖြစ်ကြောင်း ဇွန်လ ၈ ရက်နေ့က ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)ရုံးက ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...