လူငယ် ၉ ဦးဖမ်းဆီးခံရပြီးနောက် ကပ်သပြေရွာသားများကြောက်လန့်ပြီး ကျောက်ဖြူမြို့ပေါ်ထွက်ပြေး

လူငယ် ၉ ဦးဖမ်းဆီးခံရပြီးနောက် ကပ်သပြေရွာသားများကြောက်လန့်ပြီး ကျောက်ဖြူမြို့ပေါ်ထွက်ပြေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာမှ လူငယ် ၉ ဦးကို ဇွန်လ ၂၆ ရက်နေ့ ည ၈ နာရီခန့်က ကင်းလှည့်လာသော တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒေသခံ ကျေးရွာသားများမှာ ကြောက်လန့်ပြီး ကျောက်ဖြူမြို့သို့ ထွက်ပြေးလာကြသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ ကပ်သပြေကျေးရွာမှ ကိုလှမောင်သန်း (ဘ) ဦးမောင်လှမြင့်၊ ကိုမောင်ငယ် (ဘ) ဦးထွန်းစံဦး၊ ကိုမောင်လှမြင့်(ဘ) ဦးအေးမောင်နု၊ ကိုစံလှမောင်(ဘ) ဦးဝေနုအောင်၊ ကိုအောင်တင်ချေ (ဘ) ဦးအောင်ခင်ထွန်း၊ ကိုကွန်ကျားအောင် (ဘ) ဦးထွန်းမောင်၊ ကိုမောင်သန်းလှိုင် (ဘ) ဦးဖြူနုအောင်၊ ကိုခင်မောင်ဝင်း(ဘ) ဦးမောင်လူဖြူနှင့် ကိုလှနုအောင်(ခ) ဝါကြီး (ဘ) ဦးမောင်ဝေနု တို့ဖြစ်ကြသည်။

၎င်းတို့မှာ အသက် ၂ဝ နှင့် ၂၅ ဝန်းကျင်ရှိ လူငယ်များဖြစ်ကြပြီး မိသားစုများနှင့်လည်း အဆက်အသွယ် ပြတ်နေကြောင်း သိရှိရသည်။

ကပ်သပြေကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ခင်ဦးက “ သူတို့က အဲ့ဒီနေ့ သစ်ပုတ်တောင်ရေတပ်စခန်းဘက်ကို သွားတဲ့ ကားလမ်းမှာ ထိုင်ပြီးတော့ ဖုန်းကြည့်နေကြတယ်။ အဲ့ဒီချိန်မှာ ကင်းလှည့်လာတဲ့ တပ်မတော် သားတွေနဲ့ တွေပြီး သူတို့ကိုဖမ်းယူသွားတယ်။ သူတို့ကို ဖမ်းယူသွားတဲ့အချိန်မှာ ကျနော်ကိုတော့ အသိ ပေးခဲ့တယ်။ သူတို့ကိုဖမ်းထားတဲ့အချိန်မှာ ကျနော်ကိုခေါ်လာတယ်။ သူတို့ဖမ်းထားတဲ့ လူတွေဟာ ဒီရွာကလားဆိုပြီးတော့ ကျနော်ကိုမေးတယ်။ ကျနော်တို့ ရွာသားများဟုတ်မှန်ကြောင်းကိုတော့ ကျနော် ပြောလိုက်တယ်။ အဲ့ဒီနေ့ကတော့ သူတို့ကို သစ်ပုတ်တောင်ရေတပ်စခန်းဘက်သို့ ခေါ်ယူသွားတယ်။ အခုသူတို့ကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကိုတော့ ကျနော်တို့လည်း မသိဘူး။ သူတို့ကိုဖမ်းပြီးနောက် သေနတ်နှစ်ချက် ဖောက်ခဲ့တယ် ” ဟုပြောသည်။

သစ်ပုတ်တောင်ရှိ ဓညဝတီ ရေတပ်စခန်းမှာ ကပ်သပြေကျေးရွာနှင့် ၃ မိုင်ခန့်သာဝေးပြီး ကပ်သပြေရွာ၏ အရှေ့ဖက်တွင် တည်ရှိကြောင်း သိရှိရသည်။

၎င်းလူငယ် ၉ ဦးဖမ်းဆီးခံရပြီးနောက် ကျေးရွာသားအများစုမှာ ကျောက်ဖြူမြို့သို့ ထွက်ပြေး ခိုလှုံလာကြကြောင်း သိရှိရသည်။

ကပ်သပြေကျေးရွာတွင် အိမ်ခြေ ၁၁ဝ ဝန်းကျင်နှင့် လူဦးရေ ၅ဝဝ ကျော်ခန့်ရှိပြီး ရွာသားများ၏ သုံးပုံ၊ နှစ်ပုံခန့်မှာ ကျောက်ဖြူမြို့နယ် ပရဟိတကျောင်းနှင့် နီးစပ်ရာဆွေးမျိုးများဆီသို့ ထွက်ပြေး တိမ်းရှောင် နေကြကြောင်း သိရှိရသည်။

ကပ်သပြေကျေးရွာမှ ကျောက်ဖြူမြို့သို့ စစ်ဘေးရှောင်လာသူတစ်ဦးက “ သူတို့ ၉ ဦးဖမ်းပြီးနောက် ကျနော်တို့လည်း ကြောက်လန့်ပြီးထွက်ပြေးလာကြတယ်။ အပြစ်မရှိရင်လည်း ဖမ်း၊ အပြစ်ရှိရင်လည်း ဖမ်း။ ကျနော်တို့ဒေသဟာ လုံခြုံမှုမရှိတော့ဘူး။ အဲ့လိုမျိုးကြောက်စိတ်တွေ ဝင်ပြီး ကျနော်တို့ ထွက်ပြေး လာရခြင်း ဖြစ်တယ်” ဟု ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ၎င်းအနေဖြင့် ကပ်သပြေ ရွာသား ၉ ဦးဖမ်းဆီးခံရခြင်းကို လူမှုကွန်ရက်ဖေ့ဘုတ်တွင် တက်လာခြင်းကိုသာ ကြားသိနေရပြီး တိတိကျကျ သတင်းပေးပို့လာသူမရှိသဖြင့် အတည်ပြုရန်ခက်နေသေးကြောင်း ပြောသည်။

ကျေးရွာသားလူငယ် ၉ ဦး ဖမ်းဆီးခေါ်ဆောင်ခံရခြင်းနှင့် ပတ်သက်၍ သိရှိလိုသဖြင့် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို နိရဉ္စရာသတင်းဌာနမှ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

၎င်းလူငယ်များအား ဖမ်းဆီးသည့် အကြောင်းအရင်းနှင့်ပတ်သက်ပြီး အာဏာပိုင်များ၏ သဘောထား မှတ်ချက်ကို သိရှိလို၍ ကျောက်ဖြူမြို့မရဲစခန်းသို့ ဆက်သွယ်ရာတွင်လည်း စခန်းမှူးအပြင်ထွက်သွားသည်ဟု ဆိုကာ ဖြေဆိုခြင်း မရှိပါ။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...