စစ်တွေမြို့နယ် ရေချမ်းပြင်အနီး ပေါက်ကွဲမှုနှင့်အတူပစ်ခတ်မှုဖြစ်

စစ်တွေမြို့နယ် ရေချမ်းပြင်အနီး ပေါက်ကွဲမှုနှင့်အတူပစ်ခတ်မှုဖြစ်

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီးနှင့် အောင်ဒိုင်ကျေးရွာဘက်သို့ ဆင်းသည့် လမ်းဘက်မှ ဇွန် ၂၇ ရက်နေ့လယ် ၁ နာရီခွဲကျော်က ပေါက်ကွဲသံ နှစ်ချက်ကို မိနစ်အနည်းငယ်ခြားပြီးကြားခဲ့ရသလို ယင်းပေါက်ကွဲသံများနှင့် အတူ သေနတ်ငယ် ပစ်ခတ်သံများကိုလည်း ငါးမိနစ်၊ ခြောက်မိနစ်ခန့် စီကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ သတင်းကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်သို့ ဆက်သွယ်ရာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ကြားသိရကြောင်း ပြောကြားသည်။

“တပ်က ယာဉ်တန်းကို မိုင်းခွဲတယ်လို့ကြားတယ်။ အထိခိုက်မရှိဘူး။ နှစ်လုံးပေါက်ပြီး နှစ်လုံး မကွဲသေးဘူးလို့ သိရတယ်။ သေချာတော့မသိသေးဘူး။ ကားလမ်းပေါ်မှာ ပေါက်တာ။ တပ်ကတော့ အဲဒီနေရာတွေမှာ မိုင်းရှင်း နေတာပေါ့။ အဲဒီကားလမ်းပေါ်မှာ သူတို့ခွဲတာ”ဟု ဗိုလ်မှူးကြီးမင်းသန့်က နိရဉ္စရာသို့ ပြောကြားသည်။

ပထမဆုံး ပေါက်ကွဲသံနှင့် အတူ သေနတ်ငယ်များပစ်ခတ်သံကို ကြားခဲ့ရသည့်နေရာမှာ စစ်တွေ- ရေချမ်းပြင် ကားလမ်းပေါ်ရှိ နည်းပညာတက္ကသိုလ်နှင့် အသစ်ဆောက်နေသည့် အားကစားသိပ္ပံကျောင်း အကြားရှိ ရထား ဘူတာအနီးက ကြားရကြောင်း၊ လက်နက်ငယ်သံများ အများကြားရကြောင်း အနီးအနားရှိ ဆရာတော် တစ်ပါးက ပြောကြားသည်။

“ ပေါက်ကွဲသံတစ်ချက်ကို ပထမကြားတယ်။ နေ့လယ် တစ်နာရီခွဲကျော်က ကြားတယ်။ လက်နက်ငယ် ပစ်ခတ်သံကတော့ အများကြီးကြားတယ်။ နောက် ကျတ်တောပြင်ဘက်က အောင်ဒိုင်ဘက်ကို ဆင်းတဲ့ လမ်းဘက်ကလည်း ပေါက်ကွဲသံ တစ်ချက်ကြားတယ်။ အဲဒီမှာလည်း လက်နက်ပစ်သံတွေကို ငါးမိနစ်၊ ခြောက်မိနစ်ခန့်ကြားတယ်။ ဘာဖြစ်တယ်ဆိုတာတော့ မသိဘူး။ အနီးအနားကျေးရွာတွေက ဘယ်သူမှ အပြင်မထွက်ရဲဘူး” ဟု ဆရာတော်က မိန့်ကြားသည်။

နည်းပညာတက္ကသိုလ်အနီး ရထားလမ်းဘေးနားတွင် နေ့လယ် ၁ နာရီခွဲခန့်က လမ်းပိတ်ထားပြီး တပ်မတော် သားများ မိုင်းရှင်းလင်းရေးလုပ်နေစဉ် မိနစ်ပိုင်းအနည်းငယ်ခြားပြီး မိုင်းနှစ်လုံးဆက်တိုက် ပေါက်ကွဲခဲ့ကြောင်း မျက်မြင် ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ကျွန်တော်တို့ အဲဒီနားရောက်တော့ လမ်းပိတ်ထားတယ်။ နည်းနည်းတော့ ဝေးတယ်။ မိုင်းရှင်းလင်းရေး လုပ်နေတယ်လို့သိရတယ်။ ခဏနေတော့ မိုင်းပေါက်တာ ကျွန်တော်တို့ရှေ့တင်ပါပဲ။ အကုန်လုံး ကြောက်လန့် ကုန်ကြတယ်။ နောက်တော့ နေဗီကနေလှမ်းပစ်တယ်။ မိုင်းပေါက်တဲ့နေရာနားက လည်းပစ်တယ်။ ဘာကို ပစ်မှန်းမသိဘူး။ အားလုံး မြေကြီးပေါ်မှာ ဝပ်ပြီး ပုန်းနေကြရတယ်” ဟု ၎င်းက ပြောသည်။

ရေချမ်းပြင်ရွာသို့ ဆက်သွယ်ရာ ပေါက်ကွဲမှုနှင့်အတူ ပစ်ခတ်သံများကို ကြားရသည်မှာ ဟုတ်မှန်သော်လည်း ရေချမ်းပြင်ရွာသားများကို ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း ပြောကြားသည်။

ရေချမ်းပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးထွန်းအောင်ကျော်က “ကျွန်တော်တို့ GTC ကျောင်းနား ဝန်းကျင်က ကြားတာပါ။ နေဗီကလည်း ဒီဖက်ကို တစ်ဒိုင်းဒိုင်းနဲ့ ပစ်တယ်။ လက်နက်ကြီးထင်တယ်။ ခပ်ကျယ်ကျယ် ကြားတယ်။ လက်နက်ငယ်တွေလည်း ပစ်ကြတယ်။ ဒီကိစ္စနဲ့ ကျွန်တော်မြို့နယ်အုပ်ချုပ်ရေးမှူကို ဖုန်းဆက်တော့ မိုင်းတစ်လုံးနှစ်လုံး ဖောက်တာလို့ ပြောတယ်။ နယ်မြေရှင်းလင်းတာလို့ပြောတယ်။ တပ်မတော်ဖက်ကလို့ပြောတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူဦးအောင်ဇော်ဦးအားနိရဉ္စရာသတင်းဌာနက ဆက်သွယ်ရာတွင် ဆက်သွယ်မှု မရရှိခဲ့ပါ။

ယခု ပစ်ခတ်မှု ဖြစ်ပွားခဲ့သော နေရာများသည် စစ်တွေတပ်နယ်နှင့် နီးကပ်စွာ တည်ရှိပြီး စစ်တွေ-ရေချမ်းပြင် လမ်းပေါ်တွင်လည်း ရခိုင်ပြည်နယ် လွှတ်တော်၊ တပ်မတော် ကုတင် ၁ဝဝ ဆံ့ စစ်ဆေးရုံနှင့် တပ်ရင်းတစ်ရင်းလည်း တည်ရှိသည်။

ယခုကဲ့သို့ ပေါက်ကွဲမှုနှင့် သေနတ်ပစ်ခတ်သံများကို ကြားရ၍ ရေချမ်းပြင်၊ ကျက်တောပြင်၊ မောင်နီပြင်၊ သင်းပုန်တန်း၊ ပျားလည်ချောင်း၊ ကုတင်ပိုက် မူဆလင်ရွာတို့ တည်ရှိပြီး ဒေသခံများမှာ ထိတ်လန့် စိုးရိမ်နေကြသည်ဟု သိရသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...