စစ်ဆင်ရေးပြုလုပ်မည့် ကျောက်တန်းနယ်မှရွာသားများ စစ်တွေမြို့ပေါ်သို့ ထွက်ပြေးရောက်ရှိ

စစ်ဆင်ရေးပြုလုပ်မည့် ကျောက်တန်းနယ်မှရွာသားများ စစ်တွေမြို့ပေါ်သို့ ထွက်ပြေးရောက်ရှိ

အိမ်စိုးဖြူ — တပ်မတော်မှ စစ်ဆင်းရေးပြုလုပ်မည်ဟု ထုတ်ပြန်ပြီးနောက် ရသေ့တောင်မြို့နယ်၊ ကျောက်တန်း နယ်မြေမှ ထောင်နှင့်ချီသော ကျေးရွာသားများ ရွာများကို စွန့်ခွာ ထွက်ပြေးနေကြရာ ဇွန် ၂၇ ရက် ညနေ ၅ နာရီခန့်က ကျောက်တန်းနယ်မှ ရွာသူ ရွာသား ၄ဝ ခန့်သည် စစ်တွေမြို့သို့ ရောက်ရှိလာသည်ဟု သတင်းရရှိသည်။

၎င်းတို့မှာ ကျောက်တန်းတိုက်နယ် အတွင်းရှိ ရေပုတ်၊ မောင်ဖြူရွာ၊ ကျောက်ရံ၊ အိုးဖောက်နှင့် သမီးလှစသည့် ကျေးရွာ ၅ ခုမှ ဖြစ်ကြသည်ဟု သိရသည်။

ထွက်ပြေးလာကြသူများအထဲတွင် ကလေးငယ်များနှင့် အမျိုးသမီးများကြောင်း၊ စုစုပေါင်း ရွာသား ၄ဝ ဦးခန့် ဖြစ်ကြောင်း၊ ပစ်ခတ်မှုများ ဖြစ်ပွားနေသည့်ကြားမှ အသက်လု၍ ထွက်ပြေးလာခဲ့ခြင်း ဖြစ်ကြောင်း အိုးဖောက် ကျေးရွာမှ ဒေါ်မညိုက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ လက်နက်ကြီး ထိမှန်မှာစိုးလို့ပြေးလာကြတာပါ။ တိုက်ပွဲဖြစ်လို့ ပစ်ခတ်မှုတွေရှိတယ်။ စစ်သားတွေက ပစ်ခတ်တာလည်းရှိတယ်။ နယ်မြေရှင်းလင်းမယ်ဆိုတဲ့ဟာကိုလည်း ကြောက်တယ်။ ကိုယ့်အိမ်ကို ခွာလို့ ဘယ်သူ့ကမှ မလာချင်ပါဘူး။ မြို့အရပ်ကို လာရတာလည်း ကိုယ့်အရပ်နဲ့တူတာမဟုတ်ဘူး။ ဒါပေမဲ့ အသက်ကိုတော့ အသေမခံနိုင်တော့ ပြေးရတာပေါ့” ဟု ဒေါ်မညိုက ပြောသည်။

စစ်တွေမြို့သို့ ရောက်ရှိလာသည့် ၎င်းစစ်ဘေးရှောင်များကို စစ်တွေမြို့နယ်၊ ကျေးတောကျေးရွာအုပ်စု၊ ရွေပြည်သာကျေးရွာ ဘုန်းတော်ကြီးတွင် ယာယီခိုလှုံရန်ပို့ဆောင်ထားရကြောင်း စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်ပေးနေသူ ကိုကျော်မင်းခိုင်မှ သိရသည်။

သမီးလှကျေးရွာမှထွက်ပြေးလာသူ ဦးစိုးမောင်လှက “ နယ်မြေရှင်းလင်းမယ်ဆိုတော့ လူတွေကြောက်လို့ ပြေးလာကြတာပါ။ ဦးလေးတို့မှာ ရွာလည်း အရင်ကတည်းက မီးလောင်သွားပြီ။ အခုလည်း စစ်တပ်တွေ ရွာထဲမှာရှိတယ်။ ဦးလေးမှာ သားသမီးခြောက်ယောက်ရှိတယ်။ ကိုယ့်အိမ်မှာကိုယ်မနေရ၊ စားချိန်တန်မစားရ၊ အိပ်ချိန်တန် မအိပ်ရဘူး။ ယောကျ်ားတွေကို မြင်ရင်ဖမ်းတယ်။ လယ်လည်းမထွန်ရဘူး။ ဒါတွေကို ကြောက်ပြီး ထွက်ပြေးလာကြတာ” ဟုပြောသည်။

တပ်မတော်မှ နယ်မြေရှင်းလင်းရန်အတွက် ကျောက်တန်းနယ်မြေမှ ကျေးရွာများအနေဖြင့် ခေတ္တဖယ်ရှား ပေးရန် ဇွန်လ ၂၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ၎င်းနယ်မြေတွင် နေထိုင်သည့် ကျေးရွာအုပ်စု (၁၇) စု၊ ကျေးရွာပေါင်း ၄ဝ ကျော်မှ ကျေးရွာသားများမှာ ရသေ့တောင်မြို့ပေါ်နှင့် စစ်တွေမြို့အပါအဝင် တစ်ခြား စစ်ဆင်ရေးနှင့်ဝေးရာ ကျေးရွာများသို့ ထွက်ပြေးနေသည်ဟု သိရသည်။

ကိုကျော်မင်းခိုင်က “ကလေး၊ မိန်းမတွေအပါအဝင် အားလုံးလေးဆယ်လောက်ရှိမယ်။ ငါးရွာက လူတွေ ပါလာတာ ဒီနေ့။ မနက်ဖြန်လည်းစစ်တွေကို နောက်ထပ်တစ်ဖြတ်ရောက်နိုင်တယ်။ အခုရောက်လာတဲ့ စစ်ဘေးရှောင်တွေ အတွက် စားနပ်ရိက္ခာနှင့် အဝတ်အစားများလိုအပ်လျက်ရှိနေပါတယ်” ဟုပြောသည်။

ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းနယ်မြေကို တပ်မတော်မှ လှုပ်ရှားစစ်ကြောင်းများဖြင့် ရှင်းလင်းရေးလုပ်မည်ဖြစ်၍ ခေတ္တ ရှောင်တိမ်းနေထိုင်ကြရန် ဒေသခံများကို အစိုးရမှ စာထုတ်ပြန် ထားသော်လည်း ၎င်းဒေသမှ ထွက်ပြေးနေကြသည့် စစ်ဘေးရှောင်များအတွက် အစိုးရမှ ကူညီ ဆောင်ရွက် ပေးရန် တာဝန်ရှိကြောင်း၊ ယခုအချိန်ထိ ကူညီထောက်ပံ့ရန် လုပ်ရပ်မှုမျိုးကို မတွေ့ရသေးကြောင်း ၎င်းက ပြောကြား သည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်အရေအတွက် တစ်သိန်းခုနှစ်သောင်းနီးပါးရှိနေကြောင်း ရခိုင်တိုင်းရင်သားမျိုးနွယ်များအစည်းအရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...