ရသေ့တောင်မြို့နယ်အတွင်းစစ်ရေးတင်းမာ၊ ကျေးရွာ ၈ ရွာမှ ဒေသခံများထွက်ပြေး

ရသေ့တောင်မြို့နယ်အတွင်းစစ်ရေးတင်းမာ၊ ကျေးရွာ ၈ ရွာမှ ဒေသခံများထွက်ပြေး

ဆောင်းဇာခြည် —  ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့အနီး ကြိမ်သာရွာနှင့် စောမေရွာအကြားတွင် ဇွန် ၂၅ ရက်နေ့က ဒရုန်းတစ်ခု ပစ်ချ ခံရပြီးနောက် တပ်မတော်တွင် မှီခိုနေသူ လူငယ် ၃ ဦးမှာ ၎င်းဒရုန်းပျက်ကို သွားယူရာမှ အေအေတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု ဒေသအတွင်း ဖြစ်ပေါ်နေသော သတင်းများအရ သိရသည်။

၎င်းလူငယ် ၃ ဦးကို တပ်မတော် စစ်ကြောင်းတစ်ခုမှ ကယ်တင်ရန် လိုက်ပါသွားရာမှ တပ်မတော် စစ်ကြောင်းကို ပြားချောင်းကြီး တံတားအနီးတွင် အေအေအဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာမှ အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့ပြင်တွင်တည်ရှိသည့် ရွှေပါရမီဘုန်းတော်ကြီး စစ်ဘေးရှောင်စခန်းမှ အသက် ၅ဝ အရွယ် မသန်စွမ်းသူ အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

၎င်းတိုက်ပွဲကြောင့် အနီးအနားရှိ ပြင်ခေါင်၊ စောမေ၊ ကြိမ်သာ၊ ထွန်းရဝေရွာသစ်၊ ထွန်းရဝေရွာဟောင်း၊ ပြင်ခေါင်၊ ပြားချောင်းကြီးနှင့် အလယ်ရွာချေကျေးရွာတို့မှ ကျေးရွာသာများမှာ ကြောက်လန့်ပြီး ရွာကို စွန့်ခွာထွက်ပြေးခဲ့ကြသည်။

ဇွန် ၂၆ ရက် မနက်အစောကြီးညဉ့်အချိန်တွင် ၎င်းတပ်မတော်စစ်ကြောင်းသည် ကြိမ်သာကျေးရွာထဲကို ဝင်ရောက် လာခဲ့သည်ဟု ရွာက ထွက်ပြေးနေသူ ကြိမ်သာရွာမှ ရပ်မိရပ်ဖ တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။

“မနေ့က စိုးမေရွာမှာ ဒရုန်း တစ်လုံး လာကျတယ်။ အဲဒီ ဒရုန်းက ဘယ်ကလဲတော့ မသိဘူး။ အဲဒီ ဒရုန်းကို လူသုံးယောက်က ဆိုင်ကယ်နဲ့ ယူပြီးတော့ ရသေ့တောင်မြို့ဘက်ကို သွားတယ်ပေါ့။ အဲဒီမှာ ရသေ့တောင်ကို သွားရင် ကျွန်တော်တို့ ကြိမ်သာရွာက ဖြတ်ပြီး သွားရတာ။ ဆိုတော့ ကြိမ်သာက ဖြတ်သွားရင်း ရွာအထွက်ဝကို ရောက်တော့ အဲဒီလူ သုံးယောက်ကို ဘယ်ကမှန်း မသိဘူး ဖမ်းသွားတယ်လို့ သိရပါတယ်။ ဒရုန်းရော၊ လူ သုံးယောက်ရော ပျောက်သွားတယ်ပေါ့။ အဲဒီမှာ တပ်မတော် စစ်ကြောင်းက အဲဒီသတင်းကို ရလို့ ရွာကိုဝင်ပြီး ရွာသားတွေကို စာသင်ကျောင်းမှာ ဖမ်းထားပြီး စစ်ဆေးနေတာ”ဟု ၎င်းက ပြောသည်။

ရွာသား အများစုမှာ စစ်ကြောင်း မရောက်မီ ကြိမ်သာကျေးရွာကို စွန့်ခွာထွက်ပြေးသွားကြပြီး ရွာထဲ၌ ကျန်နေခဲ့သူ ကျေးရွာသား ၂ဝ ဦးခန့် ယနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခေါ်ဆောင်ထားပြီး စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းပြင် ဇွန် ၂၆ ရက်နေ့လယ်ပိုင်းက ကြိမ်သာကျေးရွာအနီးမှ လက်နက်ကြီးပစ်သံများကို ကြားရပြီး ကျေးရွာသားများ စိုးရိမ်နေကြသည်ဟု ယနေ့ နေ့လယ် ၃ နာရီခွဲခန့်က ဆက်သွယ်စဉ် ရွာမှ ထွက်ပြေးနေသည့် ကြိမ်သာကျေးရွာသား တစ်ဦးက ပြောသည်။

ထွက်ပြေးနေကြသည့် ကျေးရွာ ၈ ရွာမှ လူပေါင်း ၂၅ဝဝ ခန့် ရှိနိုင်ပြီး ၎င်းတို့သည် ရသေ့တောင်မြို့ပေါ်၊ အဝဒါ၊ ပေါက်တောချေ၊ ပေါက်တောကြီး၊ လေးကန်ကျေးရွာများသို့ ထွက်ပြေးသွားခဲ့ကြသည်ဟု ဆိုသည်။

ပြားချောင်းကြီး၊ ပြင်ခေါင်နှင့် အလယ်ရွာချေကျေးရွာတို့တွင် သက်ကြီးရွယ်အို ၅ဝ ခန့် ကျန်ရှိ နေသေးကြောင်းလည်း ပြားချောင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းသိန်းက ပြောသည်။

ဦးမောင်ဝင်းသိန်းက “ မနေ့က ညနေမှာ လက်နက်ကြီးအသံလိုလို အကြီးကြီးအသံ နှစ်ခု “ဖောင်း၊ ဖောင်း” ဆိုပြီး ကြားတယ်။ အဲဒါပြီးရင် လက်နက်ငယ်သံတွေ ကြားရပါတယ်။ အဲဒီ ပေါက်ကွဲသံကြားတဲ့ အနားကပေါ့။ ပစ်သံတွေ ကြားတာနဲ့ ကျွန်တော်တို့က မြေမှာ ဝပ်နေကြပါတယ်။ ပြီးတော့မှ ကျွန်တော်တို့ ထွက်ပြေး ကြပါတယ်။ ရွာတွေမှာ သက်ကြီးရွယ်အိုတွေလည်း ကျန်နေခဲ့ကြတယ် ” ဟု ပြားချောင်းကြီး တံတားအနီး ဖြစ်ပွားသော တိုက်ပွဲနှင့် ပတ်သက်ပြီး နိရဉ္စရာသို့ ပြောကြားသည်။

ကြိမ်သာကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

၎င်းကျေးရွာများအနီးတစ်ဝိုက်တွင် စစ်ရေးတင်းမာနေ၍ ကျေးရွာသားများ ကြောက်လန့်ကာ ထွက်ပြေး နေကြသည်မှာ မှန်ကန်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

ဇွန် ၂၅ ရက်နံနက်ပိုင်းက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ့်ပြန်ချက်တွင် ရသေ့တောင်မြို့ရှိ နယ်မြေခံတပ်ရင်းမှ စစ်သည်များ၏ သားသမီး ၃ ဦး (ကျား) မှာ ဇွန် ၂၆ နေ့လယ် ၃ နာရီခွဲခန့်က ကြိမ်သာ ကျေးရွာဘက်သို့ သွားစဉ် AA အဖွဲ့ဝင်များနှင့် ၎င်းတို့၏ အမာခံများက ထို ၃ ဦးအား ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဖော်ပြ ထားသည်။

ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူသို့ ဆက်သွယ်ပါက တည်ဆဲဥပဒေကြောင်းအရ အရေးယူ ခံရနိုင်သဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

အဆိုပါ ပစ်ချခံရသည့် ဒရုန်းနှင့် ပတ်သက်ပြီး နိရဉ္စရာ သတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...