မျိုးသီရိကျော် — ရခိုင်ပြည်နယ်တွင် ဒေသအနည်းငယ်တည်ငြိမ်လာသည့် မြို့နယ်အချို့မှ စစ်ဘေးရှောင်များမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် ပြီးခဲ့သည့်မေလအတွင်းက မိမိနေရပ်သို့ ပြန်သွားကြသူများရှိခဲ့သည်။
ယင်းအထဲတွင် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တို့မှပါဝင်ပြီး လူဦးရေအားဖြင့် ခုနှစ်ထောင်ကျော်ခန့် နေရပ်ပြန်မှုရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ သိရသည်။
နေရပ်ပြန်လာသူများမှာ လယ်ယာလုပ်ကိုင်ရန် ကျွဲ၊ နွား၊ မျိုးစပါးများ အခက်အခဲဖြစ်နေကြရကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဆိုသည်။
“သူတို့မှာ အရင်လိုမျိုး ကျွဲ ၊နွားတွေလည်း မပြည့်စုံတော့ဘူး။ ကျေးရွာက ထွက်ပြေးသွားတဲ့အတွက် မျိုးစပါး တွေလည်း ပြည့်ပြည့်စုံစုံ မရှိကြတော့ဘူး” ဟု ဦးခင်မောင်လတ်က ဆိုသည်။
ပုဏ္ဏားကျွန်းမြို့ပေါ် စစ်ဘေးရှောင်စခန်းမှ မိမိနေရပ် ဖောင်ဆိပ်ကျေးရွာသို့ ပြန်လာသည့် ဦးမောင်သိန်းဌေးက လယ်ယာလုပ်ကိုင်ရန်အတွက် အခက်အခဲများစွာ ရှိနေသည်ဟု ဆိုသည်။
“မျိုးစပါးတွေ မရှိတဲ့အတွက် တစ်ဧကစိုက်ပျိုးရမယ့် နေရာတွေမှာ ဧကဝက်ပဲ စိုက်ပျိုးရမယ်။ နောက်ထပ် စိုက်ပျိုးဖို့အတွက် မျိုးစပါးတွေမရှိဘူး။ မိုးရာသီ ဝမ်းစာစားဖို့အတွက်ကျတော့လည်း လုံလုံလောက်လောက် မရှိဘူး” ဟု ၎င်းကပြောသည်။
နေရပ်ပြန်သူအချို့မှာ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုနှင့် ထပ်မံကြုံတွေ့ရသဖြင့်လည်း လယ်ယာလုပ်ငန်းကို မလုပ်နိုင်သည့်အပြင် စစ်ဘေးရှောင်စခန်းများသို့ ပြန်လည်ထွက်ပြေးလာရသူများ ရှိနေသည်။
ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ဦးခင်မောင်လှိုင်က “အရင်လတုန်းက ရွာကိုစစ်ဘေးရှောင် နှစ်ရာကျော်ပြန်လာခဲ့ကြတယ်။ သူတို့ လယ်လုပ်ဖို့အတွက် လာကြတာ။ အခုတော့ လက်နက်သံတွေကြောင့် ကြောက်ပြီးတော့ စစ်ဘေးရှောင်စခန်းကို ပြန်သွားခဲ့ကြတယ်။ အခုရွာမှာ ရွာသား (၁၀)ယောက်ကျော်ပဲ ရှိတော့တယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်းမှ နေရပ်ပြန်စစ်ဘေးရှောင်များ လယ်ယာလုပ်ငန်းကို အဆင်ပြေစွာ လုပ်ကိုင်နိုင်ရေး အတွက် အစိုးရမှ ကူညီထောက်ပံ့ပေးသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ထောက်ပြသည်။
တိုက်ပွဲဧရိယာအတွင်းမှ တောင်သူများမှာ လယ်ယာထွန်ယက်စိုက်ပျိုးရန် လုံခြုံရေးစိုးရိမ်မှုများ ရှိနေကြောင်း ပြောဆိုကြသည်။ အစိုးရနှင့် လွှတ်တော်ဘက်မှ ယင်းကိစ္စအား ပြင်ဆင်ရန် လုပ်ဆောင်နေသည်ဟု ပြောဆိုကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် ထွန်ယက်မစိုက်ပျိုး နိုင်ခဲ့သည့်လယ်များနှင့် ထွန်ယက်စိုက်ပျိုးပြီး မရိတ်သိမ်းနိုင်ခဲ့သည့်လယ်ယာမြေ စုစုပေါင်းဧက ၅ သောင်းခန့် အထိရှိခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ သိရသည်။
ယခုနှစ်တွင် တိုက်ပွဲဧရိယာအတွင်းမှ လယ်သမားများမှာ ယခင်နှစ်ထက် လယ်ယာထွန်ယက်စိုက်ပျိုးမှု နည်းပါး လာကြောင်း တောင်သူများထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူများမှာ တစ်သိန်းငါးသောင်းကျော်အထိ ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ သိရသည်။







