ကျေးရွာအတွင်း ၁၂ ရက်ကြာ ပိတ်မိနေခဲ့သည့် ရသေ့တောင်ဒေသခံ (၅၀)ကျော်ကို ကယ်ထုတ်

ကျေးရွာအတွင်း ၁၂ ရက်ကြာ ပိတ်မိနေခဲ့သည့် ရသေ့တောင်ဒေသခံ (၅၀)ကျော်ကို ကယ်ထုတ်

နှင်းနွယ် — ရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသားအားလုံးထွက်ပြေးသွားချိန်တွင် ရွာအတွင်း (၁၂)ရက်ကြာ ပိတ်မိ နေခဲ့သော ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဆောက်ခတ်ကျေးရွာသား ၅၄ ဦးကို ဇွန်လ ၂၀ ရက် နေ့လည်ပိုင်းအချိန်က ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကူညီကယ်ဆယ်နေသူများထံမှ သိရသည်။

ဇွန်လ ၉ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားရာတွင် ဆောင်ခတ်ကျေးရွာ အတွင်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ ရှိခဲ့သဖြင့် ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးကြစဉ် ကျေးရွာသား ၅၀ ကျော်မှာ ထွက်မရဘဲ ကျေးရွာအတွင်း ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပိတ်မိနေချိန်အတွင်း စားနပ်ရိက္ခာခက်ခဲ၍ အစားအသောက်လုံလောက်စွာ မစားသောက်ခဲ့ရကြောင်း နှင့် သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများမှာလည်း ဆေးဝါးများမရှိသဖြင့် အခက်အခဲကြုံခဲ့ရကြောင်း ပိတ်မိရာတွင်ပါဝင်ခဲ့သည့် ဆောက်ခတ်ရွာသားတစ်ဦးက ရှင်းပြသည်။

“ကျေးရွာအတိုင်းအတာနဲ့ဆိုတော့ (ရိက္ခာ)လုံလုံလောက်မရှိဘူး။ တခြား ဆီ၊ ဆားတွေ ဘာမှမရှိတော့ ထမင်း တစ်ခုပဲစားနေခဲ့ရတယ်။ နေမကောင်းဖြစ်ရင် ကုသဖို့အတွက် ဆေးဝါးကလည်း ပြည့်ပြည့်စုံစုံမရှိတော့ ပိုဆိုး တာပေ့ါ ” ဟု ၎င်းကဆိုသည်။

ယင်းသို့ ပိတ်မိသူများထဲတွင် လေဖြတ်နေသူ (၁) ဦး၊ မသန်စွမ်းသူ (၂)ဦး၊ ကလေးငယ် ၆ ဦးနှင့် အသက် ၁၀၀ နှစ်ရှိသူ (၁)ဦး စသည်ဖြင့် စုစုပေါင်း ၅၄ ဦးတို့ဖြစ်သည်။

ထို့ကြောင့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များက ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအားတွေ့ဆုံပြီး ခွင့်ပြုချက်တောင်းကာ ယခုကဲ့သို့ သွားရောက်ကူညီကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ရသေ့တောင်ဒေသခံ ကိုဘက္ကာက ရှင်းပြသည်။

“လမ်းခရီးမှာ စစ်ဆေးခံရတာတွေတော့ ရှိပါတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ သွားရတာပေါ့။ အဲဒီရွာမှာရှိတဲ့ စစ်သားတွေကတော့ နယ်လုံဝန်ကြီးခွင့်ပြုချက်နဲ့ လာတာကိုသိတဲ့အတွက် ပြောဆိုရတာလည်း အဆင်ပြေ ပါတယ်” ဟု ကိုဘက္ကာက ပြောသည်။

ပိတ်မိနေသူများကို ရသေ့တောင်မြို့ပေါ်မှ ဆရာတော် (၈)ပါးနှင့် မြို့ခံ ၂၀ ကျော်တို့က သွားရောက်ကယ်ထုတ် ခဲ့ပြီး ၎င်းတို့နေထိုင်ရေးအတွက် မြို့ပေါ်ဆရာတော်ကြီးများနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းကာ စီစဉ် ဆောင်ရွက်နေကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ဦးရေ တစ်သိန်းငါးသောင်းကျော်အထိရှိလာနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)ထံမှ သိရသည်။

ဓာတ်ပုံ - မြတန်ဆောင်းဆရာတော်

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...