ဆလိုင်းတီာလ်ဟရမ်လိန်း — လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူ အားလုံးကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံနဲ့သာ ဆက်ပြီး ရိုက်နှိပ်ထုတ်ဝေဖို့စီစဉ်နေတယ်လို့ ဗဟိုဘဏ်ရဲ့ တနှစ်တာ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းက ဇွန်(၁၆)က ပြောခဲ့ပါတယ်။
လက်ရှိ တို့နိုင်ငံမှာသုံးစွဲနေတဲ့ ငွေစက္ကူအမျိုးအစား (၁၄)မျိုးရှိပြီး အဲ့ဒီ (၁၄) မျိုးလုံးကို ဗိုလ်ချုပ်ပုံနဲ့ရိုက်နှိပ်ထုတ်ဝေသွားမှာဖြစ်တယ်လို့လည်းသိရှိလိုက်ရပါတယ်။ နိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ လက်ရှိသုံးစွဲနေတဲ့ တစ်ထောင်ကျပ်တန် ငွေစက္ကူကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က လွတ်လပ်ရေးနေ့ ကစပြီး ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒါဆိုကျန်တဲ့ ငွေစက္ကူအမျိုးအစား (၁၃) မျိုးကျန်သေးတယ်ဆိုပါစို့။
ငွေစက္ကူတွေမှာ ဗိုလ်ချုပ်ပုံတွေ့ရတော့မယ်ဆိုတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ကျေနပ်မိပါတယ်။ အာဏာရှင်အစိုးရခေတ်ကသူတို့အရိပ်အရောင်တွေ ပျောက်ကွယ်သွားမှာဆိုတော့အားရမိပါတယ်။ တကယ်လေးပျောက်ကွယ်သင့်ပါပြီ။ ဒီလိုနဲ့တစ်ဖြည်းဖြည်းခြင်းအကောင်းဘက် သွားဖို့လည်းပြည်သူအားလုံးကမျှော်လင့်မှာပါ။
ငွေစက္ကူတွေမှာ ပျောက်ကွယ်သင့်တဲ့ဟာတွေပျောက်ပြီ။ ပုံဖော်လာသင့်တဲ့ပုံရိပ်တွေကကောမှန်ပါရဲ့လားလို့မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ငွေစက္ကူငွေဟာနိုင်ငံထဲမှာရှိတဲ့ပြည်သူတွေတိုင်း၊ အလည်လာတဲ့နိုင်ငံခြားသားများအပါအဝင် တန်ဖိုးလဲလှယ်(ဝယ်ယူ)မှုမှာအသုံးပြုကြပါတယ်။ ငွေတွေဟာတန်ဖိုးရှိလို့လူတိုင်းတန်ဖိုးထားကြတယ်။ အမြတ်နိုးတလေးတစား ကိုင်ဆောင်ကြတယ်။ စက္ကူ သာဖြစ်နေပေမဲ့တန်ဖိုးရှိနေသရွေ့တော့ ဒါနပဲလေ။ အသစ်ထွက်လာတဲ့ ဗိုလ်ချုပ်ပုံပါငွေစက္ကူဆိုပြည်အားလုံးကမြတ်နိုးကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်းကျေနပ်မိတယ်လို့ထပ်ခါထပ်ခါပြောပါရစေ။
ဒါပေမယ့် တောင်ပေါ်တိုင်းရင်းသားတစ်ဦးအနေနဲ့ မနေ့တနေ့ကထွက်ရှိလာတဲ့သတင်းစာရှင်းလင်းပွဲကဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်း ပြောဆိုချက်ကိုတော့ အားမရဘူး။ နိုင်ငံတော်ရဲ့ငွေစက္ကူအားလုံးမှာဗိုလ်ချုပ်ပုံတစ်ခုတည်း ရိုက်နှိပ်တာကိုတော့ မလိုချင်ဘူး။ အရပ်စကားနဲ့ပြောရင်တော့နည်းနည်းများသွားတယ်ပေါ့။ မဖြစ်သင့်ဘူးလို့မြင်တယ်။
ဘာဖြစ်လို့မဖြစ်သင့်တာလဲလို့မေးစရာရှိလာပါတယ်။ ကောင်းပြီ။ တိုင်းနိုင်ငံတိုင်းရဲ့ငွေစက္ကူတွေရဲ့သမိုင်းကိုလေ့လာကြည့်ရင် လျှာရှည်နေစရာမလိုအောင်အားလုံးကသိကြပါတယ်။ ငွေစက္ကူမှာပါတဲ့ပုံရိပ်တွေဟာ နိုင်ငံရဲ့အထွဠ်အထိပ်မှာရှိတဲ့ပုဂ္ဂိုလ် (ဘုရင်ကြီးတွေပေါ့)တွေကိုဂုဏ်ပြုဖို့တဲ့အနေနဲ့သော်လည်းကောင်း၊ သမိုင်းဝင်အထိမ်းအမှတ်တွေကိုအောက်မေ့ဘွယ်အဖြစ်ပုံနှိပ်ထုတ်ဝေတယ်လို့အဓိကကျပါတယ်။ ပုံနှိပ်တဲ့အခါမှာလည်း ဘယ်သူကဘယ်လောက်တန်စက္ကူရွက်မှာလို့သတ်သတ်မှတ်မှတ်ပေါ့။
ငွေစက္ကူမှာဗိုလ်ချုပ်ပုံမြင်ရတာမကျေနပ်လို့မဟုတ်ပါ။ ဒါပေမဲ့အတိုင်းအတာဆိုတာရှိသင့်ပါတယ်။ ဗိုလ်ချုပ်ပုံနဲ့ပတ်သက်လာရင်နည်းနည်းလျှာရှည်ချင်ပါသေးတယ်။ NLDပါတီအစိုးရတက်လာပြီးနောက်ပိုင်းမှာ တစ်ပြည်လုံးပြောင်းလဲလာတဲ့ဟာတွေထဲမှာ ဗိုလ်ချုပ်ပုံတွေ၊ ရုပ်တုတွေတော်တော်များလာတယ်။ ဘာကြောင့်လို့မမေးချင်ပါဘူး။ ဒီနိုင်ငံမှာလူများစုဖြစ်တဲ့ဗမာတိုင်းရင်းသားများ မသိလိုက်တဲ့လူနည်းစုတောင်ပေါ်တိုင်းရင်းသားများစိတ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ‘ပင်လုံစာချုပ်တုန်းကတောင်ပေါ်တိုင်းရင်းသားခေါင်းဆောင်များနဲ့အတူ၎င်းရဲ့အောင်ဆန်း-အက်တလီစာချုပ်ကိုဖျက်ပြီး ပင်လုံစာချုပ်ဟု ခေါ်တွင်လာမယ့်စာချုပ်သစ်ကိုလက်မှတ်ထိုးခဲ့တဲ့ ဗမာတိုင်းရင်းသားများခေါင်းဆောင်တစ်ဦး ဆိုတာပဲဖြစ်ပါတယ်။ ဒီခြားနားမှုကိုမြင်ပေးလိုက်ရင်ဆင်ခြင်ဖို့အရာရှိလာပါလိမ့်မယ်။
ဒါဆိုရင်မင်းတို့တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ပုံတွေကိုငွေစက္ကူမှာပုံနှိပ်ပေးဖို့တောင်းဆိုတာလားဆိုရင် မှားပါတယ်။ အဲဒါကိုမတောင်းဆိုလိုပါ။ ဖြစ်စေချင်တဲ့ဆန္ဒကတော့ ပင်လုံရဲ့အရိပ်အယောင်ပဲဖြစ်ပါတယ်။ ဘယ်ကပင်လုံများလဲ။ အခမ်းအနားလိုကျင်းပလေ့ရှိတဲ့ (၂၁)ရာစုပင်လုံကိုမဆိုလိုဘူးနော်။ ၁၉၄ရခုနှစ် ဖေဖော်ဝါရီ (၁၂)ရက်က သမိုင်းဝင်တဲ့နေ့ကိုဆိုလိုတာပါ။
ကျွန်တော်က ချင်းတိုင်းရင်းသားပါ။ ကျွန်တော့်လူမျိုးကို ၁၉၄ရခုနှစ် ဖေဖော်ဝါရီ (၁၂)ရက်က ကိုယ်စားပြုခဲ့တဲ့ခေါင်းဆောင်ကြီးတွေကတော့ ဦးလှုရ်မှုန်၊ ဦးထောင်ဇခုပ်နဲ့ ဦးကီယိုမန်းတို့ပဲဖြစ်ပါတယ်။ သူတို့ (၃)ဦးကိုငွေစက္ကူမှာပုံနှိပ်ပေးပါလို့မတောင်းဆိုပါဘူး။ သူတို့တန်ဖိုးထားတဲ့ပြည်ထောင်စု ခေါ်တိုင်းနိုင်ငံသစ်ထူထောင်ခြင်းသတ္တိကိုလေး စားလို့မဆုံးဘူး။ သူတို့ကို ဒီနေ့ထိနှစ်နှစ်ကာကာ လေးစားရတုန်းပါ။ သူတို့မြတ်နိုးခဲ့တဲ့ ပြည်ထောင်စုစတင်တင်လာတဲ့ ပင်လုံအရိပ်အယောင်ကို ဗိုလ်ချုပ်အောင်ဆန်း ထက်ငွေစက္ကူပေါ်မှာ ပုံနှိပ်ထားသင့်ကြောင်းပြောချင်ပါတယ်။
ပင်လုံစာချုပ်ကိုလေးစားပါ၊အသက်ဝင်အောင်သွတ်သွင်းပေးပါ။တိုင်းသူပြည်သားများရဲ့အနာဂါတ်ကိုခြားနားချက်များစွာထဲကစည်းလုံးခြင်းအသွင်ပြောင်းလဲခဲ့ပါတယ်။ ဘယ်သူဘယ်ဝါ ကိုယ်စားပြုမပြုကိုမပြောဆိုပဲ ပင်လုံစာချုပ်ကတိုင်းသူပြည်သားများ အားလုံးကိုယ်စားပြုတယ်လို့ ဆင်ခြင်ပေးပါ။ ပင်လုံမှစထွက်ခဲ့တဲ့စကားက ‘ဗမာတစ်ကျပ်၊ ချင်းတစ်ကျပ်’ တဲ့။အင်မတန်ချိုသာတဲ့စကားပေါ့။ ဝမ်းနည်းစရာက ပင်လုံအလွန်အနှစ် (၃၀) လောက်မှာ ၇ ကျပ်ကွာသွားတာပေါ့။ ပြည်တွင်းစစ်အနှစ် (၇၀) အလွန်မှာ တော့ ၁၄ ကျပ်လား…မရေရာ။
ဗိုလ်ချုပ်အောင်ဆန်းဟာတိုင်းရင်းသားနယ်မြေတွေမှာလေးစားသင့်သလောက်တော့လေးစားအောက်မေ့ခံခဲ့ပြီးပါပြီ။ ငယ်စဉ်ကတည်းက စာသင်ကျောင်းမှာဗိုလ်ချုပ်အကြောင်း၊ ကျွန်တော်နေ့တိုင်းသွားလာနေတဲ့လမ်းကလည်း ဗိုလ်ချုပ်လမ်း၊အပန်းဖြေလို့မြို့ထဲသွားရင်လည်းဗိုလ်ချုပ်ပန်းခြံ၊ ဗိသုကာလက်မှုတွေကြည့်တော့လည်း ဗိုလ်ချုပ်ကြေးရုပ်၊ စျေးဝယ်တော့လည်း ဗိုလ်ချုပ်စျေး၊ ငွေပေးချေလာတော့လည်း ဗိုလ်ချုပ်ပုံပါငွေစက္ကူတွေခြည်း။ ၂၀၂၀ အလွန်အစိုးရမှာကော ဒီမိုအစိုးရကဘယ်လိုဗိုလ်ချုပ်ကို ချပြအုံးမလဲစဉ်းစားရင်း ရင်မောမိပါတယ်။ သုံးသပ်ကြည့်စေလိုပါတယ်။ ဆင်ခြင်မိစေချင်ပါတယ်။ တရွတ်တိုးမလုပ်ဖို့အရေးကြီးပါတယ်။ တောင်ပေါ်တိုင်းရင်းသားများမျှော်တလင့်လင့်စောင့်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးပြောင်းလဲခြင်းကတိက ဒီလောက်ပဲဆိုရင်နှာခေါင်းရှုံ့မှာအသေချာပါ်။
အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းတစ်ခုမှာ တောင်ပေါ်တိုင်းရင်းသားများ ကြေနပ်အားရမှုမရှိပဲ မရပါဘူး။ အမွှန်းတင်လိုစိတ်ထားတွေဟာ မီးလိုပဲလောင်ကျွမ်းတတ်ပါတယ်။ အငြင်းပွားမှုဟာ ကြိုတင်ခန့်မှန်းရလွယ်ပါတယ်။ ဒါ့ကြောင့် လာမယ့်ငွေစက္ကူတွေမှာပြည်ထောင်စုအရိပ်ပေါ်တဲ့ ပင်လုံကိုမြင်ချင်ပါတယ်







