လာမည့်ကြားဖြတ်ရွေးကောက်ပွဲနှင့် ချင်းပြည်နယ် အခြေအနေ၊ ထန်တလန်တွင် ကျင်းပမည်ဖြစ်ပြီး မတူပီတွင် မကျင်းပနိုင်သေး

လာမည့်ကြားဖြတ်ရွေးကောက်ပွဲနှင့် ချင်းပြည်နယ် အခြေအနေ၊ ထန်တလန်တွင် ကျင်းပမည်ဖြစ်ပြီး မတူပီတွင် မကျင်းပနိုင်သေး
by -
ချင်းဝေါလ်
လာမည့် ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဇန်နဝါရီလ (၆) ရက်နေ့က ယာဉ်မတော်တဆဖြစ်မှုဖြင့် ကွယ်လွန်ခဲ့သော မတူပီမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးဟွန်းခန်၏ နေရာတွင် ကျင်းပနိုင်ဦးမည် မဟုတ်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပြောသည်။

Hongkhenပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းမှ “လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အနေနဲ့ဆိုရင် အမျိုးသားလွှတ်တော်အမှတ် (၃) နေရာမှာပဲ လုပ်ပါမယ်။ မတူပီဘက်က မပါနိုင်သေးပါဘူး။ လုပ်တော့ လုပ်ပေးရမှာဖြစ်တယ်။ ဥပဒေအရက လုပ်တော့လုပ်ပေးရမယ်” ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မတူပီမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးဟွန်းခင်သည် ဇန်နဝါရီလ (၅) ရက်နေ့က မတူပီမြို့ပေါ်တွင် မော်တော်ဆိုင်ကယ်မတော်တဆဖြစ်မှုဖြင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ၊ နောက်တရက်မနက် ဇန်နဝါရီလ (၆) ရက်နေ့တွင် မင်းတပ်ဆေးရုံ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

လစ်လပ်နေရာများအတွင် ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တနိုင်ငံလုံး၌ (၁၉) နေရာဖြစ်ပြီး၊ ယင်းတို့မှာ အမျိုးသားလွှတ်တော် (၃) နေရာ၊ ပြည်သူ့လွှတ်တော် (၉) နေရာနှင့် ပြည်နယ်လွှတ်တော် (၇) နေရာတို့ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းမှ “ဧပြီလ (၁) ရက်အတွက် နယ်မြေ (၁၉) မြေကို ကြေညာပြီးတဲ့နောက်မှ သူက အခုလိုဖြစ်သွားတော့ ပြင်ဆင်ဖို့တွေအတွက် အချိန်မမှီတော့လို့ပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီရွေးကောက်ပွဲကျင်းပရေးလုပ်ငန်းစဉ်က ကြာပါတယ်။

အချိန်ယူရပါတယ်။ ကြေငြာရမယ်။ မဲစာရင်းပြုစုရမယ်။ ကိုယ်စားလှယ်လောင်းတွေကို လက်ခံရမယ်။ ပြန်စီစစ်ရမယ်။ အများကြီးလုပ်ရမှာဆိုတော့ တစ်လ၊နှစ်လနဲ့ မပြီးနိုင်တဲ့အတွက်ပါ။ လာမယ့် ကာလမှာတော့ ပြန်လုပ်ကိုလုပ်ရမယ့်ဟာတော့ ဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ထန်တလန်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြင့် အနိုင်ရရှိခဲ့သော ဦးဟင်နရီဗန်ထီးယူသည် နိုင်ငံတော်ဒုသမ္မတအဖြစ် ရွေးချယ်ခြင်းခံရသဖြင့် သူ၏လစ်လပ်သွားသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအား လာမည့် ဧပြီလ (၁) ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ ပြန်လည် ပြုလုပ်မည်ဖြစ်သည်။

ယင်းနေရာအတွက် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) မှ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော Pi Za Tlem၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ Pu Bawi Khing နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီ (USDP) မှ Pu Zo Peng တို့မှ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ထန်တလန်မြို့နယ်၌ ချင်းအမျိုးသားပါတီ (CNP) ယခု CNDP မှ အမတ် (၄) နေရာစလုံးအနိုင်ရရှိခဲ့ပြီး၊ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD မှ (၂) နေရာနှင့် USDP မှ (၂) နေရာတို့ အနိုင်ရရှိခဲ့ကြသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...