အပေါက်ဝကျေးရွာတွင် ၃ ရက်အတွင်း ရွာသားသုံးဦးကျည်ထိမှန်၊ နှစ်ဦးဖမ်းဆီးခံထားရ

အပေါက်ဝကျေးရွာတွင် ၃ ရက်အတွင်း ရွာသားသုံးဦးကျည်ထိမှန်၊ နှစ်ဦးဖမ်းဆီးခံထားရ

နှင်းနွယ် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာတွင် ၃ ရက်အတွင်း ရွာသား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးကို တပ်မတော်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကျေးရွာတွင် ဇွန်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပစ်ခတ်မှုများကြောင့် မွတ်စလင်အမျိုးသား ဇော်ကီရာမောက် (၃၃)နှစ်နှင့် ရခိုင်အမျိုးသား ၂ ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ နောက်ထပ် ရခိုင်အမျိုးသားနှစ်ဦးမှာ ယနေ့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကြောင်း ဒေသခံများကပြောသည်။

ဇွန်လ ၈ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်-စစ်တွေ ကားလမ်းအတိုင်းလာသည့် တပ်မတော်စစ်ကြောင်းသည် အပေါက်ဝကျေးရွာအတွင်းသို့ ဝင်ရောက်ကာ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ယင်းကျေးရွာမှ ဦးမောင်လှကျော်ထံတွင် ကျည်ထိမှန်သွားခဲ့ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က ကားပေါ်ကဆင်းပြီးတော့ ရွာကို တစ်ခါတည်းပစ်ခတ်ပြီးတော့ဝင်လာတာ။ တိုက်ပွဲဖြစ်လို့ ပစ်တာတော့မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

အလားတူ ဇွန် ၉ ရက်နေ့ကလည်း မွတ်စလင်အမျိုးသားတစ်ဦး ငါးရှာ၍ပြန်လာစဉ် တပ်မတော်စစ်ကြောင်းက ပစ်ခတ်သောကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိသွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

ယနေ့ ဇွန် ၁၀ ရက်နေ့တွင်လည်း အပေါက်ဝကျေးရွာအတွင်း၌ ဒေသခံတစ်ဦး ထပ်မံဒဏ်ရာရရှိထားကြောင်း သတင်းရရှိသော်လည်း မိသားစု၏ အတည်ပြုချက်ရယူရန် ခက်ခဲလျက်ရှိနေသည်။

ထို့ပြင် အပေါက်ဝကျေးရွာမှ ဒေသခံတစ်ဦးနှင့် ပြိန်းချောင်းကျေးရွာမှ ဒေသခံတစ်ဦး ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် စက်လုပ်ပြီး၍ မိမိကျေးရွာသို့ ပြန်လာစဉ် တပ်မတော်စစ်ကြောင်းနှင့်တွေ့ကာ လမ်းတွင်ဖမ်းဆီးခံခဲ့ရကြောင်း အပေါက်ဝကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ကိုဝေလှမောင်၏ဖခင် ဦးမောင်ကျန်အောင်က ပြောသည်။

“သူတို့က ပြိန်းချောင်းမှာ စက်လုပ်ပြီးတော့ အပြန်မှာ တပ်မတော်စစ်ကြောင်းနဲ့ တည့်တည့်သွားတိုးတာ။ အဲဒီမှာ သူတို့ကို တစ်ခါတည်း လမ်းပြအဖြစ် ဖမ်းခေါ်သွားတာ။ အခု တပ်မတော်က ရွာထဲမှာပတ်သွားနေပြီးတော့ သူတို့ကိုလည်း ရွာထဲမှာ ဖမ်းချည်ထားတယ်လို့ သိရတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် တပ်မတော်သားများမှာ အပေါက်ဝကျေးရွာအတွင်းသို့ ဝင်ရောက်နေရာယူထားသည့်အတွက် ဒေသခံများမှာလည်း စိုးရိမ်ထိတ်လန့်နေကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီကို မေးမြန်းရာတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ထားကြောင်း ပြောဆိုခဲ့သည်။ သို့သော် ယနေ့ည ၈ နာရီခွဲအချိန်ထိ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာ ယင်းကိစ္စကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...