သိန္နီ တံတားစောင့် တပ်သား သေနတ်ပစ်ခတ်မှုကြောင့် နေအိမ် ၂လုံးထိ

သိန္နီ တံတားစောင့် တပ်သား သေနတ်ပစ်ခတ်မှုကြောင့် နေအိမ် ၂လုံးထိ

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့အဝင်တံတားကင်းစောင့် တပ်သားများ သေနတ်ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးထိမှန်ခဲ့ကြောင်း သိရသည်။

ဇွန် ၆ ရက် ည ၁၁ နာရီ ကျော် ဆိုင်ကယ်မောင်းနှင်လာသည့်လူတဦးအား သိန္နီမြို့ အဝင် တံတား ကင်းစောင့်နေသည့် တပ်သားမှ စစ်ဆေးရန် ရပ်ခိုင်းရာ မရပ်သဖြင့်ဟုဆိုကာ သေနတ်ပစ် ခြိမ်းခြောက်ရာမှ လူနေအိမ်များအားထိခိုက်ရခြင်းဖြစ်ကြောင်း သိန္နီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဦးခမ်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ဆိုင်ကယ်စီး လူတယောက်က တံတားဖြတ်သန်းစဉ်မှာ လုံခြုံရေးက တားပါတယ်။ တားလို့ မရပ်တဲ့အတွက် ကင်းစောင့်တဲ့ တပ်သားက သေနတ်ပစ်လိုက်တာပါ။ လူတော့ထိဘဲ အိမ်၂ အိမ်ကိုထိသွားတယ်” ဟု စိုင်းဦးခမ်း က ပြောသည်။

အဆိုပါ အိမ် ၂အိမ်သည် တံတားအနီးတွင်ရှိသည့်အိမ်များဖြစ်ပြီး၊ အိမ်ခေါင်မိုး၊ နံရံ များ တွင် ကျည်ဆံထိမှန်ကြောင်း၊ သက်ဆိုင်ရာ တပ်မှလည်း ကျည်ထိမှန်သည့် အိမ်ကိုလာရောက်ကြည့်ရှုကြောင်း၊ သေနတ်ပစ်သည့် တပ်သားများကိုလည်း အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောသည်ဟု စိုင်းဦးခမ်း က ထပ်ပြောသည်။

“ ဆိုင်ကယ်ကိုတားတာ မရပ်လို့မိုးပေါ်ထောင်ပစ်တယ်ပြောတယ်။ သေနတ်သံ ၅ ချက် ကျော် ၁၀ ချက်နီးပါးရှိတယ်။ ကျနော့အိမ်ကို ၃ ချက်ထိတယ်။ လူအိပ်ချိန်မို့လို့တော်သေးတယ်” ဟု ကျည်ထိမှန်သည့် အိမ်ပိုင်ရှင် စိုင်းကျော်ခိုင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို့အပြင် တန်ဖိုးကြီးသည့် ပစ္စည်းများ ပျက်စီးပါကလည်းလျော်ပေးမည်ဟု တပ်က ပြောဆိုကြောင်းလည်း စိုင်းကျော်ခိုင် က ပြောသည်။

“ တန်ဖိုးကြီးပျက်စီးတာ ရှိရင် လျော်ပေးမယ်လို့ပြောပါတယ်။ ဒါပေမယ့် လူတယောက်ယောက်ကို ထိသွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့အတွေး ဝင်လာတယ်။ စိုးရိမ်စရာပါ။ နောက်နောင် ဒီလိုမျိုး မဖြစ်ဖို့ပဲ လိုပါတယ် ” ဟု စိုင်းကျော်ခိုင် က တောင်းဆိုလိုက်သည်။

လုံခြုံရေးအရ ဆိုင်ကယ်တားသည်ကို မရပ်သည့် အတွက် သေနတ်ပစ်ရသည့် အကြောင်းပြချက် မဖြစ်သင့်ကြောင်း၊ နောက်နောင် အရပ်သားနေထိုင်သည့် နေအိမ်ဘက်သို့သေနတ်မပစ်ရန် တောင်းဆိုလိုကြောင်း ကျည်ထိမှန်သည့် နေအိမ်တွင်နေထိုင်သူများက ပြောသည်။

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...