ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ မောင်တောသို့ ပြန်ဝင်လာသည့်ဒုက္ခသည်တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ

ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ မောင်တောသို့ ပြန်ဝင်လာသည့်ဒုက္ခသည်တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (Covid-19)ရောဂါပိုးရှိသူ တစ်ဦးတွေ့ရှိကြောင်း ဇွန်လ ၄ ရက်နေ့ နံနက် ၈ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးရောဂါရှိသူမှာ နေရပ် စွန့်ခွာထွက်ပြေးပြီး ဘင်္ဂလာဒေ့ရှ်တွင် နေထိုင်နေရာမှ ပြန်ဝင်လာသည့် မောင်တောမြို့နယ် လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းတွင်ရှိနေသူ အသက် ၃၈ နှစ် အရွယ် မူဆလင်အမျိုးသားတစ်ဦး ဖြစ်သည်။

မြန်မာနိုင်ငံ အစိုးရမှ ဘင်္ဂလာဒေ့ရှ် ပြန်ဝင်လာသူမည့် သူများ ကိုဗစ်ရောဂါကြောင့် ပြန်လည်လက်ခံရေးကို ယာယီရပ်နားထားမည် ဖြစ်ကြောင်း ကြေညာထားပြီးသော်လည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ မိမိတို့ အစီအစဉ်ဖြင့် ပြန်ဝင်လာသူများကို နယ်စပ်လက်ခံရေးစခန်းတွင် လက်ခံမှုများရှိနေရာမှ ယခုကဲ့သို့ ပြန်ဝင်လာသူ တစ်ဦးတွင် ရောဂါပိုးတွေ့ရှိခြင်း ဖြစ်သည်။

မောင်တာခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က " ခိုးဝင်လာကြတာပါ။ ၃ဝ ရက်နေ့က ခိုးဝင်လာတာ။ ဒီမှာ ခိုးဝင်လို့ရတဲ့ အပေါက်တွေ အများကြီးပဲ။ ဒါတောင်သူတို့ကို အချိန်မီ အဲဒီနေ့ကတည်းကတွေ့လို့ ကျန်းမာရေး စစ်ဆေးချက် လုပ်တယ်။ သီးသန့်ထားတယ်။ မိသားစု ငါးယောက် ဝင်လာတာ။ ဘယ်သူနဲ့မှ ထိတွေ့မှု မရှိသေးဘူး။ မောင်တောကို လော့ဒေါင်း လုပ်ဖို့မရှိပါဘူး။ ကျွန်တော်တို့ဖက်မှာ ဖြစ်တာမှမရှိတာ။ မောင်တောက အဝင်တွေလည်း ပိတ်ထားတာပဲ" ဟုပြောသည်။

ရောဂါပိုးတွေ့ရှိသူ အပါအဝင် ဒုက္ခသည် ၅ ဦးသည် တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်မှ မေလ ၃ဝ ရက်နေ့တွင် ပြန်ဝင်လာခဲ့ကြောင်း၊ ၃၁ ရက်နေ့တွင် FQ ဝင်ခိုင်းကြောင်း၊ ဇွန်လ ၁ ရက်နေ့တွင် နမူနာ Swab ယူပြီး ဇွန်လ ၂ ရက်နေ့တွင် စစ်ဆေးရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၄ ရက် နံနက် ၈ နာရီ ထုတ်ပြန်ချက်တွင် Covid 19 ဓာတ်ခွဲခန်း၏ စစ်ဆေးမှု အဖြေမှာ ၅ ဦးထဲမှ လူနာအမှတ် ၂၃၄ တွင် ရောဂါပိုး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြှီးဌာနမှ ဖော်ပြသည်။

၎င်းပြင် ရောဂါပိုးတွေ့ရှိသူအား ဆေးကုသမှု ခံယူစေမည့် ဆေးရုံမှာ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံ ဖြစ်ကြောင်း ထုတ်ပြန်ချက် သတင်းတွင် ဖော်ပြသည်။

မောင်တောမြို့မှ အမည်မဖော်လိုသူ ပညာရေးဝန်ထမ်း ဆရာမတစ်ဦးက "ဒီသတင်းကို မနေ့ညကတည်းက ကြားနေကြတာ။ ဒီမနက် အတိကျသိရတော့ မောင်တောတစ်မြို့လုံး ရုံးရင်းဆန်ခတ်ဖြစ်နေကြပြီ။ မလွယ်ဘူး ဒီမှာဖက်မှာစဖြစ်ရင်။" ဟု ပြောသည်။

၎င်းမှာ ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူ တတိယမြောက်အတည်ပြုလူနာဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးရောဂါရှိသူ ၂၃၄ ဦးရှိပြီဖြစ်ပြီး အဆိုပါရောဂါကြောင့် သေဆုံးသူ ၆ ဦးရှိပြီဖြစ်ကာ ကုသမှုခံယူပြီးနောက် ရောဂါပိုးကင်းစင်လာသူ ၁၄၅ ဦးရှိပြီဟုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

ဘင်္ဂလားဒေရှ့် နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်ခံရသူ ဇွန်လ ၄ ရက် နံနက် အထိ သေဆုံးသူ ၇၄၆ ဦးနှင့် ရောဂါပိုးကူးစက်ခံရသူ ၅၅၁၄ဝ ဦး၊ ပြန်လည်ကောင်းလာသူ ၁၁၅၉ဝ ဦးရှိကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံ ကျန်းမာရေးဌာနမှ ထုတ်ပြန်ချက် အရသိသည်။

မောင်တောဒေသတွင် ဘင်္ဂလားဒေရှ့်နိုင်ငံမှ ပြန်ဝင်လာသူများ နေ့စဉ်နှင့်အမျှရှိနေသောကြောင့် မောင်တောမြို့ခံများမှာ အထူးစိုးရိမ်နေကြကြောင်း သိရသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...