မှတ်ပုံတင်သက်တမ်းကုန်နေသောကုမ္ပဏီများ တင်ဒါအောင်သဖြင့် အခွန်ဆောင်နေရသည့် တရားဝင်ကုမ္ပဏီများနစ်နာ

မှတ်ပုံတင်သက်တမ်းကုန်နေသောကုမ္ပဏီများ တင်ဒါအောင်သဖြင့် အခွန်ဆောင်နေရသည့် တရားဝင်ကုမ္ပဏီများနစ်နာ
ဝန်ကြီး ဦးမင်းကျော်လွင်(ဝဲ)- လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ(ယာ) (MNA)
ဝန်ကြီး ဦးမင်းကျော်လွင်(ဝဲ)- လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ(ယာ) (MNA)

ရန်လင်းအောင်

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း  မွန်ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ဆောက်လုပ်ရေးဌာန နှင့် စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းများတွင် မှတ်ပုံတင်သက်တမ်းကုန်နေသည့် ကုမ္ပဏီ ၂၀ က တင်ဒါအောင်သဖြင့် အခွန်ဆောင်နေသည့် တရားဝင်ကုမ္ပဏီများ နစ်နာရသည်ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။

မွန်ပြည်နယ် လွှတ်တော်  ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံးသို့ တင်ဒါအောင်ကုမ္ပဏီများနှင့်ပတ်သက်၍ အချက်အလက်များ တင်ပြတောင်းဆိုခဲ့ရာတွင်  ၂၀၂၀ ခုနှစ် မေလ(၂၂)ရက်နေ့အထိ ပြန်လည်းမှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီပေါင်း(၂၀) တွေ့ရှိရခြင်း ဖြစ်သည်။

“ပြန်လည်ပြီး မှတ်ပုံမတင်ဘူး ဆိုကတည်းက သူ့ကုမ္ပဏီကို ဖျက်သိမ်းတယ်ဆိုတဲ့ သဘောပဲ၊ တစ်နှစ်တစ်ခါ သက်တမ်းတိုး လုပ်ရမယ်ဆိုတဲ့ဟာ ခုဆို အင်မတန်လွယ်တယ်။ Online ကနေ ကုမ္ပဏီကို မှတ်ပုံတင်လို့ရတယ်။  ခုကဒီဟာတွေ လုပ်ထားခြင်း မရှိဘဲနဲ့ တင်ဒါအောင်စာရင်းထဲပါလာတော့ နိုင်ငံတော်အစိုးရကို အခွန်ဆောင်ပြီး လုပ်နေတဲ့ ကုမ္ပဏီတွေက နစ်နာမှုရှိပါတယ်” ဟု ၎င်းကဆိုသည်။

ထိုသို့ မှတ်ပုံတင်ထားခြင်း မရှိသည့် ကုမ္ပဏီတွေအနေဖြင့် လုပ်ငန်းတင်ဒါ ရရှိနေသည့် အပေါ် ဝေဖန်မှုတွေရှိနေပြီး ထိုသို့ လုပ်ဆောင်ခွင့် ပေးအပ်ထားသည်ကို နိုင်ငံတော်သမ္မတ၏ အမိန့် ညွှန်ကြားချက် ၁/၂၀၁၇ နှင့် ညီညွှတ်မှုရှိ၊မရှိကို မေးခွန်းထုတ်သွားသည်။

မေလ ၂၉ ရက်နေ့က ကျင်းပခဲ့သည့်  မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် တင်ဒါခေါ်ယူခြင်းလုပ်ငန်းများနှင့် ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူ ဆွေးနွေးထောက်ပြခဲ့အပြီး သတင်းထောက်များကို ပြောကြားခဲ့သည်။

သို့ရာတွင် မွန်ပြည်နယ် အစိုးရ အနေဖြင့် လုပ်ငန်းမှတ်ပုံတင် မရှိသည့် ကုမ္ပဏီများကို တင်ဒါအောင်ကုမ္ပဏီအဖြစ် သတ်မှတ်ခဲ့ခြင်းမရှိဘဲ လုပ်ငန်းမှတ်ပုံတင်ရှိသည့် ကုမ္ပဏီများကို လုပ်ငန်းတင်ဒါ ကုမ္ပဏီအဖြစ် သတ်မှတ်ခဲ့သည့်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က လွှတ်တော်အစည်းအဝေး၌ ဖြေကြားခဲ့သည်။

“လောလောဆယ်ဆယ် အဲ့ဒီ Case မရှိသေးတဲ့ အတွက် တကယ်လို့ဖြစ်ခဲ့ရင် ၁/၂၀၁၇ အရ တင်ဒါခွင့်မပြုပါဘူး လက်ရှိ တင်ဒါဆွဲတဲ့ အချိန်မှာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်ရှိနေမယ်ဆိုလို့ရှိရင် ပေးရမှာဖြစ်ပါတယ်၊ ၇၀ % ၇၅ % ပြီးတော့မယ့် အချိန်ကျမှ ကျန်တဲ့ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးမင်းကျော်လွင်က ဆိုသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁ သိန်း ၃ေ သာင်း ၉ ထောင်ကျော်ဖြင့် ခွင့်ပြုခဲ့ပြီၤး ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် ခွင့်ပြုရန်ပုံငွေ ၅၀% ကျော် ကျပ်သန်း ၇ သောင်းကျော်ဖြင့် လုပ်ငန်း လုပ်ဆောင်နေခြင်း ဖြစ်သည်။

May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...