ကွတ်ခိုင်-နမ့်ဖတ်ကာ ကြား စစ်တပ် ကားတစီး တိုက်ခိုက်ခံရ

ကွတ်ခိုင်-နမ့်ဖတ်ကာ ကြား စစ်တပ် ကားတစီး တိုက်ခိုက်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာ အနီးတွင် မေလ ၂၉ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားကာ မြန်မာစစ်တပ် ကားတစီး လက်နက်ကြီးထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။

မေလ ၂၉ ရက် မနက် ၁၀နာရီတွင် ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာ အနီးတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့စစ်တပ် ကားထိမှန်ခဲ့သည် ဟု တအာင်း တပ်မတော် သတင်းထုတ်ပြန်ချက် အရသိရသည်။

မြန်မာ စစ်တပ် သည် မူဆယ်မြို့ဘက်မှ ကွတ်ခိုင်မြို့ သို့ဆင်းလာရာ TNLA စစ်ကြောင်း နှင့် ထိတွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLA ထုတ်ပြန်ချက်တွင်ရေးသားသည်။

ထို့ပြင် တပ်စစ်ကား လက်နက်ထိမှန်ပြီး မီးလောင်ကာ၊ ထိုကားပေါ်တွင် လက်နက်ခဲယမ်းများကို လည်း TNLA ဘက်မှ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တပ်ကား ကို TNLA က မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ လောလောဆယ် သတင်းအရ လူတဦးတယောက်မှ သေဆုံးခြင်းမရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဧရာဝတီသတင်းဌာနကို ဖြေကြားခဲ့သည်။

သို့သော် သျှမ်းသံတော်ဆင့် သတင်းဌာန အနေဖြင့် အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ် သတင်းအချက်အလက်ကို သီးသန့် အတည်ပြုချက်ရယူရန်အတွက် TNLA နှင့် မြန်မာ့တပ်မတော် သတင်းမှန်ပြန်ကြားရေးကို ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပေ။

ကွတ်ခိုင်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကွတ်ခိုင်-နမ့်ဖက်ကာ လမ်းကြောတွင် ခရီးသည်တင် ကုန်တင်ကား ရာကျော် ညနေ ၅နာရီထိ ပိတ်မိကြောင်းကားသမားအသိုင်းအဝန်းက ပြောသည်။

“ အခုတော့ လက်နက်သံတွေ မကြားရဘူး။ ကျနော်တို့ ကားတွေ ကွတ်ခိုင်တိုးဂိတ်မှာ တနေကုန် စောင့်နေရတယ်။ ညနေ ၅နာရီမှ ထွက်ရတယ်။ ရှေ့မှာ ဘာဖြစ်မလဲတော့မသိဘူး” ဟု ကားသမားတဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

ထို့ပြင် ကွတ်ခိုင် မှ နမ့်ဖတ်ကာဘက်ကို စစ်ကား ၁၀ စီးနှင့် တပ်သားများ ညနေ ၄နာရီခွဲတွင် တက်သွားကြောင်းလည်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ယနေ့ဖြစ်ပွားသည့် တိုက်ပွဲမှ မြန်မာ့စစ်တပ်၏ကား လက်နက်ထိမှန်၊ လက်နက်ခဲယမ်းများဆုံးရှုံးရသည့်အပေါ် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည်ဟုလည်း ကွတ်ခိုင်ဒေသခံများ က သုံးသပ်သည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...