မူဆယ်မန့်ဝိန်းဂိတ်တွင် ဖောက်ခွဲရေးသုံးပစ္စည်းများ သိမ်းဆည်းရမိ

မူဆယ်မန့်ဝိန်းဂိတ်တွင် ဖောက်ခွဲရေးသုံးပစ္စည်းများ သိမ်းဆည်းရမိ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း နယ်စပ်ဂိတ်တွင် ဖောက်ခွဲရေးအတွက်အသုံးပြုသည့် Shock Tube Detonator ပစ္စည်း များ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။

မူဆယ်နယ်စပ်ဂိတ် ဖြစ်သည့် မန့်ဝိန်းဂိတ် အနီးတွင် ယမန်နေ့ မေ ၂၅ ရက်မနက် ၁၀နာရီကျော် က တရုတ်နံပတ်တပ်ဆင်ထားသည့် ISUZU အမျိုးအစား ကားတစီး ကို မသင်္ကာသဖြင့် စစ်ဆေးရာ ယာဉ်ပေါ်တွင် Shock Tube ထည့်ထားသည့် စက္ကူဂျပ်ဖာ ၃၁၈ ဖာ ကို သိမ်းဆည်းရမိပြီး ယာဉ်မောင်း ကိုတော့ မတွေ့ရှိရကြောင်း မူဆယ်မြို့ ရဲစခန်း မှ စုံစမ်းသိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် Shock Tube Detonator သည် ကျပ်သိန်း ၁၃၀၀ ကျော် တန်ဖိုးရှိကြောင်း၊ ဖမ်းဆီးရမိသည့် တရုတ်နံပတ် တပ်ကားသည် ကိုဗစ် -၁၉ ကာလ အတွင်း တရုတ်နိုင်ငံ မှ သတ်မှတ်ထားပေးသည့် နှစ်နိုင်ငံ ပြည်ဝင်၊ထွက် စစ်ဆေးရေး မန့်ဝိန်းဂိတ်မှ တဆင့်မောင်းပို့သည့် ကားဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းယာဉ်ကို လက်ခံမောင်းနှင်သူကို ဖမ်းဆီးနိုင်ရန် မူဆယ်မြို့မ ရဲစခန်းက ရဲတပ်ဖွဲ့က ပူးပေါင်း ရှာဖွေ စစ်ဆေးနေကြောင်းလည်း မူဆယ်မြို့မ ရဲစခန်းမှ တာဝန်ကျရဲက ပြောသည်။

“ တရုတ်နိုင်ငံကနေ တရားမဝင်သယ်ဆောင်လာတဲ့ ကားပါ။ ကျနော်တို့ တရားမ ဝင်သယ် ဆောင်လာသူ၊ ပစ္စည်းပိုင်ရှင် နဲ့ယာဉ်မောင်းကို စုံစမ်းနေပါတယ်” ဟု မူဆယ်မြို့မရဲစခန်းမှ တာဝန်ကျရဲ က ပြောသည်။

လက်ရှိမှာ တရုတ်နိုင်ငံမှ ပစ္စည်းသယ်ဆောင်လာပေးသူ၊ သယ်ဆောင်လာခိုင်းသူ၊ ပစ္စည်းပိုင်ရှင်နှင့် ယာဉ်မောင်းတို့ကို အမှတ် ၃၄၀/၂၀၂၀ လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ပစ္စည်းများဆိုင်ရာ ပုဒ်မ ၂၃ ဖြင့် မူဆယ်မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ယခုလအတွင်း မူဆယ်မြို့တွင် မူးယစ်ဆေးဝါး နှင့် လက်နက်ခဲယမ်းများကို ဆက်တိုက်ဖမ်းဆီးရမိခဲ့သည်။

မေလ ၂၄ ရက် ည ၇ နာရီကလည်း မူဆယ်မြို့နယ် နောင်မွန်ကျေးရွာနေ စိုင်းဟန်မြင့်နေအိမ်တွင် ပစ္စတို ၃ လက်၊ ကျည်အိမ် ၄ ခု။ ၉ မမ ကျည် ၂၇တောင့် တို့ကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း များလုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဟုလည်း သိရသည်။

ထို့ပြင် မေ ၁၅ရက် တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်တွင် တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား ၁၀ဦး ကျော်နှင့် အတူ မူးယစ်ဆေး ကျပ်သိန်း ၁၈၀၀၀ ကျော် နှင့် လက်နက်ခဲယမ်း များကို သိမ်းဆည်းရမိသည်။

တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...