ဒေါက်တာအေးမောင်အပေါ် ကြီးလေးသည့်ပြစ်ဒဏ်များချမှတ်ခြင်းသည် တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များအတွက် သတိပေးခေါင်းလောင်းသံဟုဆို

ဒေါက်တာအေးမောင်အပေါ် ကြီးလေးသည့်ပြစ်ဒဏ်များချမှတ်ခြင်းသည် တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များအတွက် သတိပေးခေါင်းလောင်းသံဟုဆို

ရခိုင်အမျိုးသားပါတီ ANP  ခေါင်းဆောင် ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းသည့်အပြင် လာမည့်ရွေးကောက်ပွဲများတွင် ရာသက်ပန်ပါဝင်ယှဉ်ပြိုင်ခွင့်မပြုခြင်း စသည့်ကြီးလေးသည့် ဖြစ်ဒဏ်များချမှတ်လိုက်ခြင်းသည် ဥပဒေဘောင်အတွင်းလှုပ်ရှားနေသော တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များအတွက် သတိပေးခေါင်းလောင်းသံဟုယူဆရကြောင်း မွန်ညီညွတ်ရေးပါတီ MUP တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက ပြောသည်။

နိုင်လယိတမက “အရပ်သားအစိုးရ ဦးဆောင်တဲ့ခေတ်မှာ ဥပဒေဘောင်အတွင်းက နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ကို ဒီလောက်ကြီးလေးတဲ့ ပြစ်ဒဏ်ကိုတော့ မပေးသင့်ဘူးလို့ ကျနော်ပြောချင်ပါတယ်၊ ဒါဟာ ရခိုင် နိုင်ငံရေးခေါင်းဆောင်သာမကပဲ အခြားသော တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေကိုပါ သတိပေးလိုက်တဲ့ ခေါင်းလောင်းသံလို့ပဲ ယူဆရတယ်” ဟု ဆိုသည်။

ဒေါက်တာအေးမောင်အား နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ပြီးနောက် အကျဉ်းကျခံနေရစဉ်တွင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှရုပ်သိမ်းလိုက်ပြီး လာမယ့်ရွေးကောက်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မေလ ၁၈ ရက်နေ့တွင်  ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ထို့အတူ အပြစ်ဒဏ်အဖြစ်သတ်မှတ်ခံရပြီးနောက် ၎င်းအပြစ်ဒဏ်အတွက် ထောင်ဒဏ်ကျခံပြီးသည့်အခါ နောက်ဆက်တွဲအဖြစ် တစ်သက်လုံးနိုင်ငံရေးမလုပ်ရဆိုသည့်အချက်ကို မိမိအနေဖြင့် နားမလည်၍မရနိုင်ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က ဆိုသည်။

ဦးအောင်မိုးဇော်က “အပြစ်ဒဏ် ခံပြီးသွားတယ်ဆိုလို့ရှိရင် ဒီအပြစ်ဒဏ်ကြောင့်ဆိုပြီးတော့ နောက်ထပ်အရေးယူမှုတွေ ဆက်တိုက်ဆက်တိုက် မလုပ်ရဘူးလို့ ကျနော်အဲလိုပဲ နားလည်တယ်၊ အခုဟာ သူတို့ရေးထားတဲ့ Statement က ဒေါက်တာအေးမောင်ကို တစ်သက်လုံးနိုင်ငံရေးမလုပ်ရတဲ့သဘော အဲဒီလိုရေးထားတာ တွေ့ရတယ်၊ အဲဒါနဲ့ပတ်သက်လို့ ကျနော်နားတော့မလည်ဘူး၊ ကျနော့်အနေနဲ့တော့ နားလည်ဖို့ တော်တော်ခက်တယ်လို့ ပြောချင်တယ်” ဟု ပြောသည်။

ယင်းကဲ့သို့ပြင်းထန်စွာ အရေးယူလိုက်ခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းနေသည့်ကာလ၌ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အများကြီးထိခိုက်စေသည်ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဥက္ကဌ ဒေါက်တာ မနမ်တူးဂျာက ဆိုသည်။

 “တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုရှေးရှုပြီးတော့ ဒါကိုဦးစားပေးပြီးတော့မှ ဒါကိုရှော့ရှော့ပေါ့ပေါ့ စဉ်းစားပေးဖို့ အရေးယူဆောင်ရွက်ပေးဖို့တော့ ကျနော်တို့ မျှော်လင့်ခဲ့တာပေါ့နော အမှုဖြစ်ပြီဆိုကတည်းက။ ဒါပေမယ့် အခုအချိန်ခါမှာ ကျနော်တို့ကြည့်ရတာက ဒါ ရှော့ရှော့ပေါ့ပေါ့စဉ်းစားပေးတဲ့အနေအထားမျိုး မတွေ့ရဘူး။ ဒါကြောင့်မို့ စိတ်မကောင်း ဖြစ်မိတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှာ ကျနော်တို့ အများကြီး ထိခိုက်သွားစေတယ်” ဟု ဒေါက်တာ မနမ်တူးဂျာက ပြောသည်။

က ရသေ့တောင်မြို့နယ်၌ ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့သော ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်းအထိမ်းအမှတ်နေ့တွင် ဟောပြောပွဲမှုကြောင့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား အစိုးရက တရားစွဲဆို၍ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့ပြီး ဖြစ်သည်။

ထို့အပြင် ဒေါက်တာ အေးမောင်အပေါ် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခွင့်များကို တစ်သက်လုံးပိတ်ပင်လိုက်ခြင်းသည် ရခိုင်တိုင်းရင်းသားနိုင်ငံရေးသမားများအား လွှတ်တော်လမ်းကြောင်းကို စိတ်ကုန်စေပြီး တင်းမာသည့် လက်နက်ကိုင်လမ်းကြောင်းပေါ်သို့ တွန်းပို့ခြင်းသာဖြစ်စေကြောင်း မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။

Most read this week

Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...
December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...