၀န်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ၌ ချင်းကစားသမားများမှ ရွှေ (၂)၊ ငွေ (၁) ရရှိနိုင်ခဲ့

၀န်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ၌ ချင်းကစားသမားများမှ ရွှေ (၂)၊ ငွေ (၁) ရရှိနိုင်ခဲ့
by -
ချင်းဝေါလ်
နေပြည်တော်တွင် ၂၁-၂၄ ဖေဖော်ဝါရီလအထိ ကျင်းပခဲ့သော (၆၂) ကြိမ်မြောက် အမျိုးသားတံခွန်စိုက် (၀န်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ၌ ချင်းအားကစားသမားများမှ ရွှေ (၂) ခုနှင့် ငွေ (၁) ခုတို့အား ဆွတ်ခူးနိုင်ခဲ့သည်ဟု သိရသည်။

ရန်ကုန်မြို့တော်စည်ပင်အားကိုယ်စားပြုကာ ယှဉ်ပြိုင်သော Salai Lal Dan Mawi မှ သံလုံးပစ်နှင့် သံပြားပစ်တို့တွင် ရွှေ (၁) ခုစီနှင့် ကာကွယ်ရေးဝန်ကြီးဌာနအား ကိုယ်စားပြုသော ပေါင်ထန်းလျန်မှ ငွေတံဆိပ် (၁) ခုတို့အား ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ပေါင်ထန်းလျန်သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ ဖြစ်သည်ဟု သိရကာ၊ ရွှေတံဆိပ် နှစ်ဆုရှင် ဆလိုင်းလားလ်ဒန်မွှေးသည် ထန်တလန်မြို့နယ်၊ Dawn ရွာမှ ဖြစ်သည်။

ဆလိုင်းလားလ်ဒန်မွှေးမှ “ဒီဝန်ကြီးဌာနပြိုင်ပွဲက ပြေးခုန်ပစ်မှာဆိုရင် မြန်မာနိုင်ငံမှာ အမြင့်ဆုံးပြိုင်ပွဲဖြစ်ပါတယ်။ လာမယ့် ဆီးဂိမ်းစ်မှာ လက်ရွေးစင်အသင်းမှာ ပါနိုင်ဖို့ကိုလည်း ကြိုးစားပြင်ဆင်လေ့ကျင့်နေပါတယ်” ဟု ဆိုသည်။

ဆလိုင်းလားလ်ဒန်မွှေးသည် မြန်မာနိုင်ငံအတွက် ငွေတံဆိပ်တခုဆွတ်ခူးနိုင်ခဲ့ပြီး၊ ယင်းမှာ ၂၀၁၄ ခုနှစ်တွင်ကျင်းပသော (၉) ကြိမ်မြောက် အရှေ့တောင်အာရှလူငယ် ပြေးခုန်ပစ်ပြိုင်ပွဲ၌ သံပြားပစ်ဖြင့် ငွေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ချင်းပြည်နယ်အား ကိုယ်စားပြုကာ ရွှေ (၅) ခုနှင့် ငွေ (၁) ခုတို့အား ဆွတ်ခူးနိုင်ခဲ့ပြီးသူဖြစ်သည်။ ယင်းတို့မှာ ၂၀၁၁ ပြည်နယ်နှင့်တိုင်းဒေသကြီး ကျောင်းသားအားကစားပွဲတော်၌ သံလုံးပစ်ဖြင့် ရွှေ (၁) ခု၊ ၂၀၁၄ ပြည်နယ်နှင့်တိုင်း အလွတ်တန်းပြေးခုန်ပစ်ပြိုင်ပွဲ၌ သံလုံးပစ်နှင့် သံပြားပစ်တို့တွင် ရွှေ (၁) ခုစီနှင့် ၂၀၁၆ ပြည်နယ်နှင့်တိုင်း အလွတ်တန်းပြေးခုန်ပစ်၌ သံလုံးပစ်နှင့် သံပြားပစ်တွင် ရွှေ (၁) ခုစီနှင့် ၂၀၁၅ အမျိုးသားအားကစားပွဲတော်၌ သံပြားပစ်တွင် ငွေတံဆိပ် (၁) ခုတို့အား ဆွတ်ခူးနိုင်ပြီးသူဖြစ်သည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...