ထွန်းခိုင် (တောင်ရင်းကျွန်း) — တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးထားသည့် အမ်းမြို့နယ်၊ ဒါးလက်အုပ်စုမှ အလယ်ကျွန်းမှ ကျေးရွာသား ၁၅ ဦးအပါအဝင် လူပေါင်း ၂၆ ဦး ယနေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် ပြန်လည်လွတ်မြောက်လာသည်ဟု ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
မေလ ၁၇ ရက်နေ့က ငါးရှာရင်း အဖမ်းခံခဲ့ရသည့် အလယ်ကျွန်းကျေးရွာမှ လွတ်မြောက်လာသူ ကိုငှက်ပျောကြီးက “ ကျနော်ကတော့ အဲဒီမှာ ၅ ရက်လောက် အဖမ်းခံခဲ့ရတယ်။ သူတို့က ကျနော်တို့ကို ရွာထဲမှာ AA ရှိလားဆိုပြီးတော့ မေးတယ်။ အဓိက အဲဒါကိုဘဲ ဦးတည်ပြီးမေးပါတယ်။ တခြားထွေထွေထူးထူး မေးမြန်းမှုတွေတော့ မရှိဘူး” ဟု ပြောသည်။
အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ အလယ်ကျွန်းကျေးရွာမှ ကိုငှက်ပျောကြီးသည် မေလ ၁၇ ရက်နေ့ လယ်က လှေတစ်စီးဖြင့် ငါးဖမ်းရန် ထွက်လာစဉ် စစ်ကြောင်း တစ်ခု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ မေလ ၁၈ ရက်နေ့တွင် သူ့ကို လိုက်ရှာသူ ရွာသား ၁၄ ဦးလည်း ၎င်းစစ်ကြောင်းက ထပ်မံ ဖမ်းဆီးခြင်းခံခဲ့ရသည်။
အလယ်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက “ ကျနော့်အနေနဲ့ ဝမ်းသာပါတယ်။ သူတို့တွေကို ရိုက်နှက်ခြင်းတွေမရှိဘဲ အေးအေးဆေးဆေး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရတဲ့အတွက် ကျနော့်အနေနဲ့ ဝမ်းသာပါတယ်။ နောက်ပြီးတော့ သူတို့တွေကို ညှဉ်းပန်းနှိပ်စက်တာတွေကို ကျနော်တို့ မတွေ့ရပါဘူး။ အဲဒါကြောင့် အခုလို သူတို့ ပြန်ရောက်လာတဲ့အချိန်မှာ ကျနော်လည်း အထူးဝမ်းသာမိပါတယ်” ဟု ပြောသည်။
ပြန်လည်လွတ်မြောက်လာသော ကျေးရွာသားများမှာ အလယ်ကျွန်းကျေးရွာမှ အမျိုးသား ၁၅ ဦး၊ ဇရကွင်း ကျေးရွာမှ အမျိုးသားသုံးဦး၊ ပြိုင်ကုန်းကျေးရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ အနောက်ရွာကျေးရွာမှ အမျိုးသားနှစ်ဦး၊ ရှမ်းကုန်းကျေးရွာမှ အမျိုးသားနှစ်ဦး၊ လိပ်ကုန်းကျေးရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြောင်း ဦးခင်မောင်ဝင်းက ပြောဆိုသည်။
အလယ်ကျွန်းကျေးရွာမှ လွတ်မြောက်လာသူ ဦးကျော်မောင်က “ကျနော်တို့ကို ရွာမှာ ရခိုင်တပ်ရှိလားဆိုပြီးတော့ မေးတယ်။ AA အတွက် ပိုက်ဆံကောက်တာတွေရှိလာဆိုပြီးတော့ မေးတယ်။ နောက်ပြီးတော့ သူတို့ ရှိတဲ့ ဒီနားကို ရွာသားတွေကို မလာကြပါနဲ့ဆိုပြီးတော့ ကျနော်တို့ကို တားပါတယ်” ဟုပြောသည်။
အမ်းမြို့နယ် ဒါးလက်ချောင်းဖျားတွင် မကြာခဏ တိုက်ပွဲများဖြစ်လေ့ရှိပြီး ကျေးရွာများ အနီးတွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲသဖြင့် ဒါးလက်တိုက်နယ်မှ ကျေးရွာသားအများအပြားမှာ အမ်းနှင့် ကမ်းထောင်းကြီးမြို့ စစ်ရှောင်စခန်းများသို့ ခိုလှုံနေကြရသည်ဟု သိရသည်။







