“ ALD ကို ကျွန်တော်တို့ ခုတစ်ကြိမ်ဆိုရင် သုံးကြိမ်တိုင်တိုင် ပြန်လည်ဖွဲ့စည်းတာလို့ ပြောနိုင်ပါတယ်။ ALD အရင်လူတွေနဲ့ပဲ မှတ်ပုံတင်မှာပါ။ ဒီလမကုန်ခင်မှာပဲ တင်မှာပါ။ ၂၇ ရက်နေ့ပေါ့။ တနင်္လာနေ့မှာပါ” ဟု ဦးမျိုးကျော်က ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD သည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ အစိုးရက တရားမဝင်ပါတီအဖြစ် သတ်မှတ်ဖျက်သိမ်းခြင်းကို ခံခဲ့ရပြီးနောက် နှစ်ပေါင်း ၂၂ နှစ်အကြာ ၂၀၁၂ ခုနှစ်တွင်မှ ဒုတိယအကြိမ်အဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့ခြင်းလည်း ဖြစ်သည်။
ထို့နောက် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP နှင့် ပူးပေါင်း၍ ရခိုင်အမျိုးသားပါတီ ANP ကို ဖွဲ့စည်းနိုင်ရန် ၂၀၁၄ ခုနှစ်တွင် ALD အား နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခဲ့ပြီး ပူးပေါင်းပါတီ ANP နှင့်အတူ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ပါတီသစ် တစ်ရပ်ဖွဲ့စည်းနိုင်ရေး အဆိုပါ ALD ခေါင်းဆောင်များမှ အကြိမ်ကြိမ်ဆွေးနွေးပွဲများ ပြုလုပ်လာခဲ့ကြခြင်း ဖြစ်သည်။
ယခု မှတ်ပုံတင်မည့် ALD ပါတီအနေနှင့် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အထိ ပြင်ဆင်နေကြောင်းလည်း ပါတီသစ်ဖွဲ့စည်းရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်၏ ပြောကြားချက်အရ သိရသည်။
ALD ကို တတိယအကြိမ်အဖြစ် ပြန်လည်မှတ်ပုံတင်မည့် နိုင်ငံရေးသမားများမှာ ပူးပေါင်းပါတီ ရခိုင်အမျိုးသားပါတီ၏ ဗဟိုကော်မတီဝင်များအဖြစ် တာဝန်ယူခဲ့ကြသူများ ဖြစ်သလို ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ANP ၏ ပြည်နယ်အစိုးရဖွဲ့စည်းရေး ကြေညာချက် ၁/၂၀၁၆ နှင့် ၂/၂၀၁၆ တို့ကို ဆန့်ကျင်သောကြောင့် ပါတီမှ ထုတ်ပယ်ခြင်း ခံခဲ့ရသူများလည်း ဖြစ်သည်။







