ကိုဗစ်ကပ်ရောဂါနှင့်တိုက်ပွဲကြောင့် ဆန်စပါးအလုံအလောက်မသိုလှောင်ထားနိုင်လျှင် ရခိုင်လူထုအခက်ခဲရှိနိုင်ကြောင်း လွှတ်တော်အမတ်ပြော

ကိုဗစ်ကပ်ရောဂါနှင့်တိုက်ပွဲကြောင့် ဆန်စပါးအလုံအလောက်မသိုလှောင်ထားနိုင်လျှင် ရခိုင်လူထုအခက်ခဲရှိနိုင်ကြောင်း လွှတ်တော်အမတ်ပြော

ဆောင်းဇာခြည်၊ အိမ်စိုးဖြူ — ကိုဗစ်ကပ်ရောဂါနှင့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် ဆန်စပါးအလုံအလောက် သိုလှောင်မထားနိုင်လျှင် ရခိုင်လူထုအနေဖြင့် စားနပ်ရိက္ခာအခက်ခဲရှိလာနိုင်ကြောင်း မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

ယနေ့ မေလ ၂၁ ရက်နေ့တွင် ပြုလုပ်သော ရခိုင်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက်၊ ဒုတိယအကြိမ်၊ တတိယ မြောက်နေ့အစည်းအဝေး တွင် မြေပုံမြို့နယ် အမှတ်(၁)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက လာမည့် မိုးရာသီတွင် စပါးစိုက်ပျိုးရေး လုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရအနေဖြင့် ကြိုတင်အစီအမံများကို ထိရောက်စွာဆောင်ရွက် ပေးသင့်ကြောင်း  ရခိုင်ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့သည်။

၎င်းအဆိုတင်သွင်းမှုနှင့် ပတ်သက်ပြီး နိရဥ္စရာသတင်းဌာနမှ လွှတ်တော် အစည်းအဝေး အပြီး မေးမြန်းစဉ် ရခိုင်ပြည်နယ်တွင် လာမည့်ကာလအတွင်း စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့ရနိုင်ကြောင်းကို ထိုသို့ ဆက်စပ် ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

“ ဆန်စပါးကို လုံလောက်အောင် မသိုလှောင်နိုင်ရင် ရခိုင်ပြည်သူတွေ အသက်ဆက်ရှင်သန်ဖို့ အရမ်းအခက်ခဲ ရှိပါတယ်။ အခုကကိုဗစ်ကပ်ရောဂါလည်း ဖြစ်နေတယ်။ နှစ်ဘက်တိုက်ပွဲတွေကြောင့် စပါးလည်း မစိုက်ပျိုးနိုင်ဘူး။ ကိုဗစ် ကပ်ရောဂါကြောင့် တခြားဒေသတွေကလည်း ဆန်စပါး ဝယ်ယူ ရရှိဖို့ဆိုတာလည်း မလွယ်ဘူး။ ဆန်စပါးကို လုံလောက်အောင် သိုလှောင်ထားဖို့အရေးကြီးပါတယ်။ အဲဒီလို အခက်ခဲတွေ မဖြစ်အောင် ပြည်နယ်အစိုးရက တာဝန် အပြည့်အဝရှိတယ်။ တာဝန်ယူပြီး ဆောင်ရွက်သင့်ပါတယ်” ဟု ဦးအောင်ဝင်းက ပြောသည်။

ရခိုင်ကျေးလက်ဒေသများတွင် လက်ရှိ နှစ်ဘက်တိုက်ပွဲတွေကြောင့် ထွန်ယက်စိုက်ပျိုးရန် အခက်အခဲ ဖြစ်နေပြီး လယ်သမားများမှာ နေရပ်များကို စွန့်ခွာသွားလာရမှု၊ လယ်ယာလုပ်သား ရှားပါးမှု၊ မျိုးစပါး ရှားပါးမှုများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ၎င်းက ဆိုသည်။

“ ဦးလေး ဒီနေ့ အဆိုတင်သွင်းတာက ရခိုင်ပြည်နယ်အတွင်း လာမယ့်မိုးရာသီမှာ တောင်သူလယ်သမားတွေ အချိန်နဲ့ တပြေးညီ စိုက်ပျိုးနိုင်ဖို့ အစိုးရနေပြီးတော့ ကူညီပံ့ပိုးပေးဖို့ လိုပါမယ်။ ကိုဗစ်ကတစ်မျိုး။ တိုက်ပွဲက တစ်မျိုး၊ လုပ်သား အင်အားရှားပါးမှုကလည်း ပြဿနာ တစ်ရပ်။ ဒီနှစ် လယ်ယာမစိုက်ပျိုးနိုင်ခဲ့ရင် လာမယ့်နှစ်မှာ စားနပ်ရိက္ခာ အခက်ခဲ ဖြစ်နိုင်တယ်။ ဒီနှစ် မိုးရာသီမှာ လယ်သမားတိုင်း အချိန်မီ စပါးစိုက်ပျိုးရဖို့က အရေးကြီးတယ်။ ဒီအတွက် ဒီအဆိုကို ဦးလေးတို့ တင်သွင်းရတာ ဖြစ်တယ်။ အမှန်တကယ်လိုအပ်လို့ တင်တာပါ။ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်၌ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော် စသည့် မြို့နယ်တို့မှ စစ်ရေးပဋိပက္ခရှိခဲ့သော နေရာအချို့တို့တွင် ၂ဝ၁၉ ခုနှစ်အတွင်းကစပါးရိတ်သိမ်းချိန်တွင် စပါးများကို မရိတ်သိမ်းခဲ့ရသဖြင့် ဝမ်းစာမလုံသော လယ်သမား အများအပြားရှိသည်ဟု ဒေသခံများ ပြောကြားသည်။

ရသေ့တောင်မြို့နယ် တောင်သူလယ်သမားအသင်း ဒုဥက္ကဋ္ဌလည်းဖြစ်၊ လယ်သမား တစ်ဦးလည်း ဖြစ်သူ မီးကျောင်းရေသောက်ကျေးရွာမှ ဦးဘသိန်းက “ ဒီနှစ်လယ်ကတော့ ထွန်ရတော့မယ်။ လယ်ထွန်းရင်းနဲ့ အဖမ်းခံတာတို့၊ သေနတ်နဲ့ ပစ်ခံရတာတို့ ဖြစ်မှာကို လယ်သမားတိုင်း စိုးရိမ်နေကြတယ်။  လယ်အငှားထွန်းမယ့် လူလည်းမရှိဘူး။ အရင်နှစ်က ရိတ်ထားတဲ့ စပါးတွေလည်း မသိမ်းလိုက်ရဘူး။ ဒီလို ဖြစ်တော့ မျိုးစပါးတွေ အပါအဝင် စပါးက ဘာမှ မရလိုက်ဘူး။ ဒီနှစ် စပါးစိုက်မယ့် အချိန်မှာ မျိုးစပါးတွေ လိုအပ်မယ်” ဟု နိရဥ္စရာသို့ ပြောသည်။

လွန်ခဲသည့်နှစ်က  ရခိုင်ပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်တွင် မရိတ်သိမ်းနိုင်ခဲ့သည့် စပါးလယ်ဧကတစ်သောင်းခွဲကျော် ရှိခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ ဇန်နဝါရီလအတွင်းက နိရဥ္စရာသို့ ပြောသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...