ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုဖြင့် တရားစွဲခံထားရသည့် အမှုပေါင်း ၁ဝ၉ မှုရှိဟု ပြည်နယ်လွှတ်တော်တွင် ရခိုင်ဥပဒေချုပ်ဖြေဆို

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုဖြင့် တရားစွဲခံထားရသည့် အမှုပေါင်း ၁ဝ၉ မှုရှိဟု ပြည်နယ်လွှတ်တော်တွင် ရခိုင်ဥပဒေချုပ်ဖြေဆို

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုဖြင့် တရားစွဲခံထားရသည့် အမှုပေါင်းမှာ မြို့နယ် ၁၃ ခုတွင် အမှု ၁ဝ၉ မှုရှိကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းက မေလ ၂၀ ရက်တွင်ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ဒုတိယအကြိမ် ဒုတိယနေ့တွင် ယင်းအမှုကိစ္စများနှင့် စပ်လျဉ်း၍ မေးမြန်းချက်ကို ဖြေကြားရာတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။

ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ရခိုင်ပြည်နယ်တွင် အေအေအား အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာသည့် ၂ဝ၂ဝ မတ်လ ၂၃ ရက်နေ့ မတိုင်မီ အချိန်ကပင် အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသူများ၏ အမှုကို ရုပ်သိမ်းရန် ရှိမရှိ မေးမြန်းသည့် မေးခွန်းနှင့် စပ်လျဉ်းပြီး ဖြေကြားရာတွင် ရခိုင်ပြည်နယ် ဥပဒေချုပ်က ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ ကျွန်တော်က ဒီမေးခွန်းကို  ဒီနှစ် မတ်လ ၁ဝ ရက်နေ့ကတည်းက လွှတ်တော်မှာ မေးဖို့တင်ထားတာပါ။ အဲဒီတုန်းက အေအေကို အကြမ်းဖက် အဖွဲ့အဖြစ် မသတ်မှတ်သေးပါဘူး။ အဲဒါကြောင့် မေးခွန်းက အကြမ်းဖက် အဖွဲ့လို့ မသတ်မှတ်တဲ့ အဖွဲ့နဲ့ ဆက်သွယ်တယ် ဆိုပြီး အကြမ်းဖက်မှုနဲ့ တရားစွဲဆိုသူတွေကို ဒီအမှုပုဒ်မကနေ ရုပ်သိမ်းဖို့ အစီအစဉ် ရှိ/မရှိ မေးခွန်းဖြစ်ပါတယ်။ မေးခွန်းတင်ပြီး သိပ်မကြာခင်ဘဲ မတ်လ ၂၃ ရက်နေ့က အေအေကို နို်င်ငံတော်က အကြမ်းဖက် အဖွဲ့ အဖြစ် ကြေညာပါတယ်။ ဒီကနေ့ မေလ ၂ဝ ရက်နေ့မှာမှ ဒီမေးခွန်းကို မေးဖို့ ကျလာတော့ အကြမ်းဖက် အဖွဲ့အဖြစ် မသတ်မှတ်ခင်ကတည်းက အကြမ်းဖက်မှုနဲ့ တရားစွဲဆိုသူတွေကို အမှုရုပ်သိမ်းဖို့  အစီအစဉ်ရှိ မရှိကို ဥပဒေနဲ့ အညီ မေးမြန်းခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

၎င်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ရဲ့ အမေးကို ပြည်နယ် ဥပေဒေချုပ်က ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် တက်ရောက် ဖြေကြားခဲ့သည်ဟု သိရသည်။  

ရခိုင်ပြည်နယ် ဥပဒေချုပ်ဦးကျော်လှထွန်းက“တရားစွဲဆို ထားပြီးအမှုကို ရုပ်သိမ်းရန်ရှိမရှိဆိုတာကတော့ ရုပ်သိမ်းဖို့ဆိုလို့ရှိရင် သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းက ရုပ်သိမ်းဖို့လျှောက်ထားရပါမယ်။ ရာဇဝတ်မှု ပုဒ်မ (၄၉၄) အရ တရားရုံးကို တရားစွဲအဖွဲ့အစည်းကနေပြီးတော့ လျှောက်ထားရမှာဖြစ်ပါတယ်။ တရားရုံးရဲ့ လုပ်ထုံး လုပ်နည်း အရဖြစ်ပါတယ်။ ရုပ်သိမ်းရန်ရှိမရှိကို တရားစွဲတဲ့ အဖွဲ့အစည်းက ဒါမှမဟုတ်နိုင်ငံတော်က ဆောင်ရွက်ရမယ့် ကိစ္စပဲ ဖြစ်ပါတယ်”ဟုဖြေကြားသည်။

လွှတ်တော်ကိုယ်စားလှယ် မေးခွန်းနှင့် ဥပဒေချုပ်ဖြေကြားမှုတွင် အနည်းငယ် ကွဲလွဲမှုရှိခဲ့သဖြင့် အပြန်အလှန် မေးခွန်းထုတ်မှုများရှိခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက “ဒီနေရာမှာ ဥပဒေသဘောအရ ကြည့်တဲ့အခါမှာ ရှုပ်ထွေးမှုတစ်ခုဖြစ်တယ်။ ဒီဖက်က လွတ်တော် ကိ်ုယ်စားလှယ် မေးတာလည်း အကျုံးဝင်တာတွေရှိတယ်။ ဒီဘက်က ဥပဒေချုပ်အနေနဲ့လည်း ဖြေကြားဖို့ အခက်ခဲရှိတယ်ဆိုတာ ကျွန်တော် နားလည် သဘော ပေါက်ပါတယ်။ အဲဒါကြောင့် သက်ဆိုင်ရာကို မေးမြန်းပြီး ဖြေပေးဖို့ ဥပေဒချုပ်ကို အကြံပြုလိုပါတယ်” ဟု လွှတ်တော်တွင် ပြောသည်။

ရခိုင်ပြည်နယ်တွင် မေလ ၂၃ ရက်နေ့ မတိုင်မီထိ အကြမ်းဖက်မှုနှင့် တရားစွဲခံထားရသည့်  အမှုပေါင်း ၁ဝ၉ မှုရှိပြီး ၎င်းအမှုများမှာ စစ်တွေမြို့နယ်မှ (၁၈) မှု၊ ပုဏ္ဏားကျွန်း (၈)မှု၊ ကျောက်တော်(၂၉) မှု၊ မြောက်ဦး (၁၉) မှု၊ မင်းပြား (၃) မှု၊ မြေပုံ (၇) မှု၊ ကျောက်ဖြူ (၄) မှု၊ မာန်အောင် (၁) မှု၊ အမ်း (၁၄) မှု၊  သံတွဲမြို့ (၁) မှု၊ တောင်ကုတ်မြို့နယ် မအီခွဲအပါအဝင် (၃) မှု၊ ဘူးသီးတောင် (၁) မှုနှင့် ရမ်းဗြဲမြို့နယ်တွင် (၁) မှုတို့ဖြစ်ကြောင်း ယနေ့ လွှတ်တော်တွင် ဖြေကြားချက်အရ သိရသည်။

ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...