ရခိုင်တွင် ကိုရိုနာရောဂါပိုးတွေ့ရှိသူနှစ်ဦးနှင့်အတူ မလေးရှားနိုင်ငံမှ ပြန်လာသည့် လူ ၉၅ ဦးကို ကွာရန်တင်းဝင်ခိုင်းပြီး စောင့်ကြည့်ထား

ရခိုင်တွင် ကိုရိုနာရောဂါပိုးတွေ့ရှိသူနှစ်ဦးနှင့်အတူ မလေးရှားနိုင်ငံမှ ပြန်လာသည့် လူ ၉၅ ဦးကို ကွာရန်တင်းဝင်ခိုင်းပြီး စောင့်ကြည့်ထား

အိမ်စိုးဖြူ — ရခိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူနှစ်ဦးနှင့် အတူ မလေးရှားနိုင်ငံမှ ရခိုင်သို့ ပြန်လာသူ ၉၅ ဦးရှိပြီး ၎င်းတို့ကို ယခုအခါ ကွာရင်တင်းဝင်ခိုင်းပြီး စောင့်ကြည့်နေသည်ဟု  ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ တစ်ဆင့် ယနေ့ မေလ ၁၉ ရက်နေ့ က သိရှိရသည်။

၎င်းမလေးရှားမှ ပြန်လာသူ ၉၇ ဦးမှာ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ဖြစ်ကြကြောင်း၊ ယင်းအထဲမှ လူ ၁၈ ဦးကို ဓာတ်ခွဲနမူနာ စစ်ဆေးခဲ့ရာ တစ်ဦးကို မေလ ၁၈ ရက်နေ့က သံတွဲတွင်လည်းကောင်း၊ နောက်တစ်ဦးကို မေလ ၁၉ ရက်နေ့က တောင်ကုတ်တွင်လည်းကောင်း ကိုရိုနာဗိုင်းရပ်(Covid-19) ရောဂါပိ်ုး ကူးစက် နေသည်ကို အသီးသီး တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

ရခိုင်ပြည်နယ် ကျန်းမာရေးကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “မလေးရှားပြန်အဆက်အစပ်တွေ။ ဘယ်မြို့နယ်တွေကလည်း ဆိုတော့အစုံပဲ။ တစ်ယောက်ပါတဲ့ မြို့ရှိသလို အယောက် ၂ဝ လောက် ပါတဲ့မြို့လည်းရှိတယ်။ ကျွန်တော်တို့က သူတို့ကို သီးသန့်စောင့်ကြည့်နေတယ်။ တစ်ယောက်ကနေ ၃ ယောက်လောက်ရှိတဲ့နေရာတွေက သူတွေကိုတော့ ဆေးရုံမှာထားတယ်။ သူတို့ အားလုံးရဲ့ စစ်ဆေးမယ့် နမူနာတွေကို ပေးပို့ စစ်ဆေးမှာ။ ဒီလ ၁၇ ရက်နေ့ကတော့  လူ၁၈ ယောက်ရဲ့ နမူနာကို ပေးပို့စစ်တာမှာ ၂ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့တယ်။ လူများတဲ့မြို့တွေမှာတော့ သူတို့ကို အိမ်မှာ Home stay ထားပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတယ်”ဟုပြောသည်။

ချင်းပြည်နယ်မှ လူနာအမှတ် ၁၈၂ နှင့်အတူပြန်လာသည့်ထဲတွင် ရခိုင်မှ ၉၇ ဦးပါဝင်ပြီး  ၉၅ ဦးကိုသာ ကျန်းမာရေးဌာနမှ လက်ရှိ ရှာဖွေတွေ့ရှိထားပြီး ကျန် ၂  ဦးအား မတွေ့ရှိသေးသဖြင့် ဆက်လက် ရှာဖွေနေကြောင်း ဒေါက်တာစိုးဝင်းပိုင်က ဆက်ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ချင်းပြည်နယ်မှ လူနာအမှတ် ၁၈၂ နှင့်အတူ မလေးရှားမှပြန်လာသူ ရခိုင်ပြည်နယ်တွင် ၉၇ ဦးရှိနေသည်မှာ ဟုတ်မှန်ကြောင်းအတည်ပြုပြောကြားသည်။

“သူတို့က မလေးကပြန်လာပြီးတော့ အသွားအလာကန့်သတ်မှု မလုပ်ခဲ့ရဘူး။ ရခိုင်ကိုတော့ အစိုးရအဖွဲ့ရဲ့ အစီစဉ်နဲ့ သူတို့ ၉၇ ယောက်လုံးကို ကားနှစ်စီးနဲ့သွားယူလိုက်တယ်။ တောင်ပိုင်းခရိုင်ကတစ်စီး ၊ မြောက်ပိုင်း ခရိုင်ကတစ်စီးပေါ့နော်။ တစ်စီးမှာလေးဆယ်ကျော်စီပါတယ်။ အဲဒီလူတွေရဲ့ နေရပ်လိပ်စာကိုသိတဲ့အတွက် စစ်ဆေးချက်တွေကို အမြန် ရောက်တာနဲ့လုပ်နိုင်တာပေါ့” ဟုပြောသည်။

ရခိုင်ပြည်နယ်ရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ သံတွဲမြို့နယ်မှ လူနာအမှတ် ၁၈၈ နှင့် တောင်ကုတ် မြို့နယ်မှ လူနာအမှတ် ၁၉ဝ တို့မှာ သက်ဆိုင်ရာဆေးရုံများတွင် တက်ရောက်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ကိုရိုနာဗိုင်းရပ်စ်(Covid-19) ရောဂါနှင့် ပတ်သက်၍ အင်တာနက်မရရှိသည့် မြို့နယ်များမှ ဒေသခံများမှာ ရောဂါနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များ မရရှိသဖြင့် စိုးရိမ်မှုများ မြှင့်တတ်နေကြကြောင်းသိရသည်။

မြန်မာနိုင်ငံအတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိသူ ၁၉၁ ဦးရှိပြီး ၎င်းထဲမှ သေဆုံးသူ ၆ ဦးရှိကာ ကုသမှုခံယူပြီးနောက် ရောဂါကင်းစင်လာသူ ၁ဝ၁ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ချက်အရသိရသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...