ကိုဗစ်ကြောင့် တရုတ်မှ ရခိုင်သို့ ပြန်တော်ပြန်လာသူ ၂၈၃၃ ဦးရှိပြီ

ကိုဗစ်ကြောင့် တရုတ်မှ ရခိုင်သို့ ပြန်တော်ပြန်လာသူ ၂၈၃၃ ဦးရှိပြီ

တရုတ်နိုင်ငံသို့ အလုပ်သွားလုပ်ပြီး ကိုဗစ်ကပ်ရောဂါကြောင့် ရခိုင်ပြည်နယ်သို့ ပြန်လာသူ ပြည်တော်ပြန် အရေအတွက်မှာ မေလ ၁၆ ရက်နေ့ထိ ၂၈၈၃ ဦး ရှိသွားပြီ ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲမင်းဦးက “ ဒီလ ၃ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ ဝင်ရောက်လာသူက ၂၈၈၃ ဦးရှိပါပြီ။ အားလုံး တရုတ်ပြည်ကနေ ပြန်ဝင်လာကြတာပါ” ဟု ပြောသည်။

ပြန်လာကြသူများထဲတွင် အများစုမှာ မိုင်းလားနှင့် မူဆယ် လမ်းကြောင်းမှ ပြန်ဝင်လာကြသူများ ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် နယ်စပ်တွင် ကွာရန်တင် ၂၃ ရက် ဝင်ပြီးမှ ရခိုင်သို့ ပြန်လာကြသူများ ဖြစ်ကြောင်း၊ ရခိုင်သို့ ရောက်လျှင်လည်း Home Stay အိမ်တွင်းမှ အပြင်မထွက်ဘဲ ၇ ရက်နေထိုင်ကြရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

ပြန်လာသူများမှာ တစ်သုတ်ပြီး တစ်သုတ် ပြန်ဝက်လာကြပြီး မင်းဘူးတွင် စုရပ်လာကာ ရခိုင်သို့ ပြန်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

“ မေလ ၁၆ ရက်နေ့မှာ မင်းဘူးကနေ ရခိုင်ကို ပြန်သွားတာ ၁၆၄ ဦးရှိတယ်။ အရင်ကတော့ ကုန်ကားကြီးတွေနဲ့ ပြန်နေကြတယ်။ နောက်ပိုင်းကျတော့ လူစီးကားတွေနဲ့ စီစဉ်ပေးတယ်။ တစ်စီး ၁၃ သိန်းလောက်ကုန်တယ်။ ကားရှစ်စီး သိန်း ၁ဝ၄ နဲ့ စီစဉ်ပေးနိုင်ခဲ့တယ်။ ဒါက ရခိုင်ပြည်နယ် ကညန ပို့ဆက်က ကိုင်ပါတယ်။ ယခင်ကဆိုရင် မင်းဘူး ကျောက်ကွင်းပြင် နေပူရှိန်အောက်မှာ နေရတယ်။ ကျွန်တော် မင်းဘူးရောက်လာတဲ့ နောက်ပိုင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနိုင်းဆောင်ရွက်တော့ မင်းဘူး အထက (၁)ထဲမှာ နေခွင့်ရတယ်။ သောက်ရေ သုံးရေက အစ အဆင်ပြေတယ်။ အလှူရှင်ရရင်တော့ ထမင်းကျွေးတယ်။ မရရင်တော့ ကိုယ့်စရိတ်နဲ့ ကိုယ်ပေါ့။ ဒါတွေကတော့ ကျွန်တော်ကူညီပေးနေတဲ့ အပိုင်းပါ” ဟု ဦးရဲမင်းဦးက ပြောသည်။

ယနေ့ မေလ ၁၇ ရက်နေ့တွင် လည်း ဘတ်စ်ကား ၄ စီးဖြင့် တောင်ကြီးမြို့မှ ရခိုင်ပြည်တော်ပြန် လူပေါင်း ၂ဝဝ ခန့် ပြန်လာ၍ ရှိကြောင်း၊ သူတို့ရောက်လာပါက မင်းဘူးအထကတွင် နေရာချထားပေးမည် ဖြစ်ကြောင်း၊ အဆင်သင့်ရောက်လာသည်နှင့် ရေမိုးချိုးနိုင်အောင် မင်းဘူးမြို့ မီးသတ်မှ သောက်သုံးရေများအပြည့်ဖြည့်ထားကြောင်း ၎င်းက ပြောသည်။

ယခု ရခိုင်ပြည်နယ်သို့ ပြန်လာကြသူများအထဲတွင် တရုတ်ထောင်များ လွတ်လာကြသူများလည်း ပါဝင်ပြီး ကျပ်ကျပ်တည်းပြန်လာကြသူများရှိကြောင်း၊ ပြန်လာသူများအနေဖြင့် ပျှမ်းမျှ  ကျပ် ခြောက်သောင်းကျော်ခန့် ကုန်ကျသည်ဟု သိရကြောင်း၊ ပိုက်ဆံ မတတ်နိုင်များအထဲတွင် ငတ်ပြတ်ပြီး ပြန်လာကြသူများလည်း ရှိကြောင်း သိရသည်။  

ယခုလ ၁၃ ရက်နေ့ကလည်း မင်းဘူးမြို့ အထက (၁) ကွာရန်တင် စင်တာသို့ တရုတ်နယ်စပ်မှ မှန်လုံးကား ၇ စီးဖြင့် ရခိုင်သို့ ပြန်မည့်  ပြည်တော်ပြန် သူ ၂၇၈ ဦး ကျော် ဝင်ရောက်လာပြီး ယင်းမှ တစ်တဆင့် ရခိုင်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

၎င်းတို့ ၂၇၈ ဦးအထဲတွင် မြောက်ဦးမြို့နယ်မှ (၉ဝ) ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ (၇၇) ဦး၊ ရသေ့တောင်မြို့နယ်မှ (၂၁) ဦး၊ ကျောက်တော်မြို့နယ်မှ (၁၈) ဦး၊ မင်းပြားမြို့နယ်မှ (၁၆) ဦး၊ စစ်တွေမြို့နယ်မှ ၉ ဦးနှင့် ကျန်လူများမှာ တစ်ခြားမြို့နယ် အသီးသီးမှ ဖြစ်ကြောင်း သိရသည်။

၎င်းပြန်လာသူများကို တရုတ်နယ်စပ်မှ မင်းဘူးအထိ အစိုးရမှ ကားများဖြင့် တာဝန် ယူပို့ဆောင်ပေးပြီး မင်းဘူးမှ ရခိုင်ပြည်နယ်သို့ ရခိုင်ပြည်နယ် အစိုးရမှ စီစဉ်ပေးသည်ဟု သိရှိရသည်။ 

ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...