စွဲဆိုထားသည့်ပုဒ်မများနှင့် ငြိစွန်းမှုမရှိ၍ ကျောက်တန်းကျေးရွာသား ၆ ဦးပြန်လည်လွတ်မြောက်

စွဲဆိုထားသည့်ပုဒ်မများနှင့် ငြိစွန်းမှုမရှိ၍ ကျောက်တန်းကျေးရွာသား ၆ ဦးပြန်လည်လွတ်မြောက်

အောင်ထိန် — အကြမ်းဖက်မှုတိုက်ဖျက်ရေးရေးဥပဒေပုဒ်မများနှင့် စွပ်စွဲခံရ၍ ၁နှစ်ခန့်အကြာ တရားရင်ဆိုင်ခဲ့ရသည့် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာသား ၆ ဦးကို မေလ ၁၅ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးမှ ပြန်လည်လွှတ်ပေးလိုက်သည်။

၎င်းတို့ကို စွဲဆိုထားသည့်အမှုနှင့် ငြိစွန်းမှုမရှိသောကြောင့် တရားရုံးမှ ယခုကဲ့သို့ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးစောလှိုင်က ပြောသည်။

ယမန်နေ့ကလွတ်မြောက်လာသူများမှာ ကျောက်တန်းကျေးရွာမှ ကိုထွန်းမင်းနိုင်၊ ကိုညီညီဌေး၊ ကိုမောင်မောင်လှိုင်၊ ကိုဦးမြင့်ထွန်း၊ ကိုစိုးဝင်းကျော်နှင့် ကိုမောင်ငြိမ်းရွှေတို့ဖြစ်ကြသည်။

ယခုကဲ့သို့ ပြည်သူလူထုကို မသက်ဆိုင်ဘဲ AA ဟု လွှဲချသည့်အဖြစ်မျိုး နောက်ထပ်မဖြစ်စေလိုကြောင်း လွတ်မြောက်လာသူ ကိုမောင်ငြိမ်းရွှေ၏ မိခင်ကပြောသည်။

“သူတို့အချင်းချင်းဖြစ်တဲ့ကြားမှာ ပြည်သူလူထုတွေက ကြားကနေ မနစ်နာစေချင်ပါ။ သူတို့မှာဖြစ်ရင်လည်း သူတို့အချင်းချင်းပဲ ဖြစ်ကြပေါ့။ အခုလိုပြည်သူလူထုကို ဘာမှမပတ်သက်ဘဲနဲ့ AA လို့ လွှဲချတဲ့အဖြစ်မျိုးကို ကျမတို့က မဖြစ်စေချင်ဘူး။ အဲဒီလို ရက်စက်တဲ့အဖြစ်မျိူးကိုလည်း မခံစေချင်ဘူး”ဟု ဒေါ်ရီရီစိုးက ဆိုသည်။

ပြန်လည်လွတ်မြောက်လာသူ ကိုမောင်ငြိမ်းရွှေကလည်း ကျောက်တန်းကျေးရွာတွင် စစ်ဆေးမေးမြန်းခံရစဉ်က ရိုက်နှက်ခံရမှုများ ရှိခဲ့ကြောင်း မေလ ၁၅ ရက်နေ့ကပြောသည်။

“မျက်စိကိုဖုံးအုပ်၊ လက်ကိုနောက်ပြန်ကြိုးနဲ့ချည်နှောင်ပြီး ရိုက်တယ်။ ရိုက်နှက်စစ်ဆေးမှုလုပ်တဲ့အခါတော့ ကျနော်တို့ကို ဆက်စပ်မှုရှိလား၊ မရှိလားဘူလား မေးပြီးရိုက်တယ်။ ကျနော်တို့က မရှိလို့ဆိုလိုက်ရင်လည်း တအားရိုက်သတ်တယ်”ဟု ၎င်းကဆိုသည်။

၂၀၁၉ ခုနှစ် ဇွန်လအတွင်းက ကျောက်တန်းကျေးရွာသား ၈ ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်မှု ရှိသည်ဟုဆိုကာ တပ်မတော်မှ တရားလိုပြုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခံရသူများထဲမှ ၆ ဦးမှာ ယမန်နေ့က လွတ်မြောက်လာခဲ့ပြီးဖြစ်ကာ ကျန်နှစ်ဦးဖြစ်သည့် မောင်နေလင်းထွန်း ၁၅ နှစ်နှင့် မောင်သိန်းအေးမောင် ၁၇ နှစ်တို့မှာ အသက်မပြည့်သေးသဖြင့် ကလေးသူငယ် ဥပဒေအရ စစ်တွေမြို့နယ်တရားရုံးတွင် ဆက်လက်တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က ကျောက်တန်းကျေးရွာကို တပ်မတော်ကဝင်ရောက်ပြီး ရွာသား ၂၇၅ ဦးကို စာသင်ကျောင်း၌ခေါ်ယူကာ ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်မှုရှိ၊ မရှိမေးမြန်းခဲ့သည်။

ထိုသို့ စစ်ဆေးမေးမြန်းနေစဉ်ကာလတွင် ညဉ့်အချိန်၌ ပစ်ခတ်မှုပစ်ပွားခဲ့သဖြင့် စစ်ဆေးခံနေရသူများထဲမှ အရပ်သား ၆ ဦးသေဆုံးကာ ၈ ဦးမှာ ကျည်ထိမှန်ဒဏ်ရာရှိသွားခဲ့သည်။

အဆိုပါဒဏ်ရာရရှိသူများထဲမှ ၂ ဦးမှာ ဆေးကုသမှုခံယူနေစဉ်ကာလတွင် သေဆုံးသွားခဲ့သည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...