ကျောက်တော်မြို့နယ် လောင်းရှည်ကျေးရွာမှ လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသူကို ယနေ့ နံနက်ပိုင်းက ဆေးရုံသို့ ပို့ဆောင်

ကျောက်တော်မြို့နယ် လောင်းရှည်ကျေးရွာမှ လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသူကို ယနေ့ နံနက်ပိုင်းက ဆေးရုံသို့ ပို့ဆောင်

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ လောင်းရှည်ကျေးရွာမှ လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရရှိသွားသူ ကျေးရွာသားကို ယနေ့ နံနက်ပိုင်းမှ ကျောက်တော်ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။

လက်နက်ကြီးကျည်ကျသူမှာ လောင်းရှည်ကျေးရွာသား ဦးမောင်အေးစံ (၅၆) နှစ်ဖြစ်ပြီး၊ ၄င်းမှာ ယမန်နေ့ ညနေ ၅ နာရီခန့်က ကျေးရွာအပြင်ဘက်တွင် သူ၏ ကျွဲ၊ နွားများအား သွားကြည့်စဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း လောင်းရှည်ကျေးရွာမှ ကျေးရွာသားတစ်ဦးက ပြောသည်။

၄င်းကျေးရွာသားက “ရွာပြင်နားလေးမှာ သူ့နွားတွေ၊ ကျွဲတွေကို မြင်ရမလားဆိုပြီး ကြည့်နေတာပါ။ အဲဒီမှာ စစ်တပ်က သူ့ကို မြင်သွားတာထင်တယ်။ အဲဒါနဲ့ မသင်္ကာလို့ ထင်ပါတယ်။ လက်နက်ကြီး လှမ်းပစ်လိုက်တာ။ မနေ့က ၅ နာရီကျော်လောက်က ဖြစ်တာဆိုတော့ ကျွန်တော်တို့မှာ လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းဘူး ဆိုတော့ ရွာက တစ်ဆင့် ဟိုဘက်ကမ်းကို ကျော်ဖြတ်ပြီး သွားရမှာ။ အဲဒါကို ကျော်ပြီး သွားခဲ့ရင်တောင် ကူးတို့ မမီဘူး။ ဒါကြောင့် ကျွန်တော်တို့ မသွားလိုက်ရဘူး။ ” ဟု နိရဥ္စရာသို့ ပြောသည်။

ဦးမောင်စံအေး၏ ဒဏ်ရာမှာ လည်ပင်းအနောက်မှ လက်နက်ကြီးကျည်စ ဖောက်ဝင်သွားသော်လည်း မစိုးရိမ်ရကြောင်း၊ ယနေ့ နံနက် ၉ နာရီကျော်က ကျောက်တော်ဆေးရုံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ၄င်းကျေးရွာသားက ပြောသည်။

ဦးမောင်စံအေးမှာ ကျေးရွာအပြင်ဘက်တွင် သူ၏ ကျွဲ၊ နွားများအားကြည့်နေစဉ် ကျေးရွာ၏ အရှေ့ဘက်ကမ်း တွင်ရှိသည့် ငန်းတောင်၌ တပ်စွဲနေထိုင်သည့် တပ်မတော်သားများမှ လက်နက်ကြီး ၃ ခါ လှမ်းပစ်ခတ်ကြောင်း၊ ဦးမောင်စံအေးနှင့် လေးတောင်ခန့်အကွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ကျည်စ လာစင်ခြင်းဖြစ်ကြောင်းကို ဦးမောင်စံအေးက ပြောပြ၍ သိရှိရခြင်းဖြစ်ကြောင်း ယင်းကျေးရွာသားက ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖြစ်စဉ်အား အတည်ပြု ပြောကြားသည်။

တပ်မတော် ပြောခွင့်ရသူများအား ဆက်သွယ်မရသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

လောင်းရှည်ကျေးရွာတွင် အိမ်ခြေ ၁၅၈ ဆောင်နှင့် လူဦးရေ ၇၄၃ ဦး ရှိပြီး ယင်းထဲမှ ကျေးရွာသား ၇၂ဝ ခန့်မှာ ကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခြင်းများ ရှိခဲ့သောကြောင့် ပြီးခဲ့သည့် မတ်လ အတွင်းက ကျေးရွာမှ ထွက်ခွာသွားကာ လက်ရှိ ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများ၌ ခိုလှုံလျှက်ရှိပြီး ယခု ကျေးရွာအတွင်း လူဦးရေ ၂ဝ ခန့်သာ နေထိုင်လျှက်ရှိကြောင်း လောင်းရှည်ကျေးရွာမှ အုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။

ကျေးရွာအတွင်း လက်နက်ငယ်များ အဆက်မပြတ် ကျရောက်သောကြောင့် ပြီးခဲ့သည့် မေလ ၁ဝ ရက်နေ့က ဒေါ်သန်းစိန် (၄ဝ) နှစ်နှင့် မတ်လ ၂၁ ရက်နေ့ကလည်း စိတ်မနှံ့သည့် ဦးကုလားချေ (၆၂) နှစ်တို့မှာ  သေနတ်ကျည်ဆံ ထိမှန်ကာ သေဆုံးခဲ့ကြောင်း ကျေးရွာသားများ ပြောပြချက်အရ သိရသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...