Covid-19 ရောဂါကာကွယ်ရေးအတွက် KIO နှင့် ပြည်နယ်အစိုးရ ပထမအကြိမ်တွေ့ဆုံ

Covid-19 ရောဂါကာကွယ်ရေးအတွက် KIO နှင့် ပြည်နယ်အစိုးရ ပထမအကြိမ်တွေ့ဆုံ
KIO နယ်မြေ မိုင်ဆတ်ပါတွင် KIO နှင့် ပြည်နယ်အစိုးရအဖွဲ့တွေ့ဆုံ
KIO နယ်မြေ မိုင်ဆတ်ပါတွင် KIO နှင့် ပြည်နယ်အစိုးရအဖွဲ့တွေ့ဆုံ

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့နှင့် KIO Covid-19 ကာကွယ်ရေးကော်မတီအဖွဲ့တို့၏ မေလ ၁၃ ရက်တွေ့ဆုံမှုတွင် ရောဂါကာကွယ်ရေးအကြောင်းအရာကိုသာဆွေးနွေးခဲ့ပြီး နိုင်ငံရေးအကြောင်းအရာများပါဝင်ခြင်းမရှိဟု KIO ဘက်က ပြောသည်။

KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီး မိုင်ဆပ်ပါ (Maisak Pa) တွင် Quarantine ထားရှိသူများအတွက် NRPC မှ ပေးပို့လိုက်သော ငွေကျပ် ၅၇ သိန်းနှင့်ပတ်သက်ပြီး အဆိုပါငွေများအတွက် KIOအဖွဲ့က အကူအညီတောင်းဆိုခြင်းမရှိခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ကချင်သတင်းဌာန KNG ကိုပြောသည်။

“ကျွန်တော်တို့ဘက်က တောင်းဆိုမှုမရှိပဲ သူတို့ဘက်ကနေမှ ဒီက Quarantine စောင့်ကြည့်လူအရေအတွက်မေးပြီး ကူညီပေးမှုဘဲဖြစ်တယ်။သူတို့က ဘာပဲဖြစ်ဖြစ်အစိုးရဆိုတော့ နေရာယူချင်လို့ဖြစ်မယ်။ သူတို့အထက်ကလည်း အဲ့ဒီလိုနည်းနှင့်လုပ်ဖို့ ပြောထားတာဖြစ်မယ်။ ကျွန်တော်တို့ဘက်က စာရေးတာတို့ စကားနဲ့ တောင်းဆိုမှုတွေဘာမှမရှိဘူး။” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

သို့သော်လည်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးဇော်ဇော် က အဆိုပါကူညီမှုများသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏တောင်းဆိုမှုအရ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၏ ညွန်ကြားချက်အတိုင်း ကူညီခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

“ဟိုဘက် KIA က NRPC ကိုတောင်းဆိုလို့ NRPC ကလည်းပြန်ပြီး ကျွန်တော်တ ပြည်နယ်အစိုးရအဖွဲ့ပါဝင်ပြီး သွားရောက်ကူညီပေးပါဆိုလို့ သွားရောက်ကူညီပေးခဲ့တာဖြစ်တယ်။” ဟု ပြောဆိုခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ KIO Covid-19 ကာကွယ်ထိန်းချူပ်ရေး FQ ဝင်ရောက်နေသူ(၇၈)ဦးအတွက်၂၁ ရက်စာ စားသောက်စရိတ် ငွေကျပ် ၅၇ သိန်းနှင့် ရောဂါကာကွယ်ရေးပစ္စည်းများကို ကူညီပေးခဲ့သည်ဟု အဆိုပါတွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူများထံမှ သိရသည်။

ကချင်အတိုင်ပင်ခံအဖွဲ့ WMR ပါဝင်သော Covid-19 Concern and Response Committee က KIO Covid-19 ကာကွယ်ရေးကော်မတီနှင့်တွေ့ဆုံလိုသဖြင့်ခွင့်ပြုပေးရန် ပြည်နယ်အစိုးရထံ ယခုလဆန်းပိုင်းတွင် စာတင်ခဲ့သည်ဟု WMR အဖွဲ့မှ ဆရာတန်ဂွန်းကပြောသည်။

ထို့နောက် မေလ ၁၃ ရက်နေ့တွင် Covid-19 Concern and Response Committee နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး နှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများသည် KIO နှင့် ပထမအကြိမ်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် တရုတ်မြန်မာနယ်စပ်တစ်လျှောက် Covid-19 ကာကွယ်ရေးအတွက် လူအဝင်အထွက် ထိန်းချူပ်ရေးအချက်များ ပါဝင်သည်။

ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက “အားလုံးက မတူဘဲ သပ်သပ်စီဖြစ်လိမ့်မယ်။ ကျွန်တော်တို့ (CCRC-K) အဖွဲ့တွေနှင့် ပူးပေါင်းလုပ်ဆောင်သွားမဲ့ အရာတွေလည်းရှိမယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့တွေနှင့် ဆက်လက်လုပ်ဆောင်သွားမဲ့ ကဏ္ဍတွေလည်းရှိမယ်။” ဟု ပြောသည်။

ထို့အပြင် ‘နိုင်ငံတော်၏ ပိုင်နက်နယ်မြေအတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေးမူဝါဒ (No one left Behind Policy) အရ covid-19 ကို ထိရောက်စွာကာကွယ်နှိမ်နှင်းရေးဆောင်ရွက်ရန် နိုင်ငံတော်အစိုးရကလည်း ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက်များ ထုတ်ပြန်သင့်ကြောင်း’ KIO က ထုတ်ပြန်ချက်ဖြင့် ပြန်လည် တိုက်တွန်းထားသည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထိန်းချုပ်နယ်မြေတွင် ရောဂါကာကွယ်နိုင်ရေး အစိုးရက ဧပြီလ ၂၇ ရက်နေ့တွင် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

Most read this week

January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...