WHO ယာဉ် ပစ်ခတ်ခံရမှု စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ

WHO ယာဉ် ပစ်ခတ်ခံရမှု စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ လွှတ်တော်တွင် နိုင်ငံတော် သမ္မတရုံးမှ ဖွဲ့စည်းပေးထားသည့် ကမ္ဘာကျန်းမာရေး အဖွဲ့ WHO ယာဉ်ပစ်ခတ်ခံရမှု စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့နှင့် ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့ နေ့လယ် ၁ နာရီအချိန်က ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေး ခန်းမတွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် “ အဓိကတော့ WHO က ယာဉ်မောင်း တစ်ဦးအပစ်ခံရတဲ့ ကိစ္စနဲ့ သူတို့ စုံစမ်း စစ်ဆေးရေးလုပ်ဖို့အပိုင်းမှာ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်စေ၊ ရခိုင်ပြည်နယ် လွှတ်တော်တော်ဥက္ကဋ္ဌ ကဖြစ်စေ ဝိုင်းဝန်းပြီးတော့ အကြုံပြုပေးဖို့ လိုအပ်တဲ့ အကြောင်း သူတို့က တောင်းဆိုတယ်” ဟု မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မတီကို ပြီးခဲ့သော ဧပြီလ ၂၈ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပေးခြင်းဖြစ်ပြီး ၎င်းကိစ္စကို စုံစမ်းစစ်ဆေးရန် မေလ ၁၂ ရက် နေ့လယ်က လေကြောင်းခရီးဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း ဒီစစ်ပွဲတွေမဖြစ်ဖို့နဲ့။ အဓိကတော့ သတင်း မီဒီယာသမားတွေက ဒီနေရာတွေကို မရောက်နိုင်တဲ့အတွက် အကြမ်းဖက်မှုတွေ ဖြစ်ပေါ် လာနိုင်တယ်။ ဒါကြောင့် သတင်းမီဒီယာ လွတ်လပ်ခွင့် ရှိဖို့လိုတယ်။ သတင်းမီဒီယာတွေကို ခွင့်ပြုဖို့လိုတယ်ဆိုပြီး အကြံပြု ဆွေးနွေးခဲ့တယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်နိုင်ငံသားများ၏ မူလ အခွင့်အရေးဆိုင်ရာကော်မတီမှ ဦးစောက တာဝန်ယူထားပြီး၊ အဖွဲ့ဝင်များအဖြစ် ကမ္ဘာ့ကုလအကြီးတန်း အကြံပေးပုဂ္ဂိုလ် (အငြိမ်းစား) ဒေါက်တာစုစုသာထွန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်၊ အတွင်းရေးမှူးအဖြစ် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးကြီးထိန်လင်းတို့ ပါဝင်ကြောင်း သိရှိရသည်။

၎င်းစုံစမ်း စစ်ဆေးရေး ကော်မရှင်အနေဖြင့် ဒေသခံလွှတ်တော်ကိုယ်စားလှယ်များပါဝင်ရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ထောက်ပြဆွေးနွေးခဲ့သည်ဟု ၎င်းဆက်ပြောသည်။

ဧပြီလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင် တံတားအနီးဝန်းကျင်၌ WHO ယာဉ်ပစ်ခတ်ခံရပြီးနောက် ယာဉ်မောင်း ကိုပြည့်စုံဝင်းမောင် သေဆုံးသွားခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ကိုအောင်မျိုးဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...