မြေပုံမြို့နယ်ဆရာဝန်ဒေါက်တာနေလင်းထွေးရုတ်တရက်သေဆုံးမှုမှာ ထိခိုက်ဒဏ်ရာဖြင့် သေဆုံးခြင်းမျိုးမဟုတ်ဟု စစ်တွေဆေးရုံအုပ်ကြီးပြော

မြေပုံမြို့နယ်ဆရာဝန်ဒေါက်တာနေလင်းထွေးရုတ်တရက်သေဆုံးမှုမှာ ထိခိုက်ဒဏ်ရာဖြင့် သေဆုံးခြင်းမျိုးမဟုတ်ဟု စစ်တွေဆေးရုံအုပ်ကြီးပြော

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ဆရာဝန် ဒေါက်တာနေလင်းထွေး ရုတ်တရက် သေဆုံးမှုမှာ ထိခိုက်ဒဏ်ရာ ရရှိပြီး သေဆုံးခြင်းမျိုးမဟုတ်သည်မှာ သေချာကြောင်း စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောကြားသည်။

“ကျွန်တော့ဆီက မှုခင်းဆရာဝန်နဲ့ ဖုန်းနဲ့တိုက်ရိုက် စစ်ဆေးချက်လုပ်တာပေါ့။ သေချာတာတစ်ခုကတော့ လူတစ်ဦးတစ်ကနေ သူ့ကို ဒဏ်ရာရအောင်လုပ်တဲ့ ဒဏ်ရာဒဏ်ချက်တွေ မတွေ့ရဘူး။ သူ့မှာ ဖြစ်နိုင်ခြေကတော့ အဆုတ်မကောင်းဘူးပေါ့နော်။ နောက်တစ်ခုကဘေးနားမှာ ဆေးတွေ တစ်ပုံကြီး တွေ့တော့လေ။ ကျွန်တော်တို့ကတော့ သေတဲ့အကြောင်းရင်းကို တိတိကျကျပြောဖို့ခက်တယ်။ ခက်ပေမဲ့ သေချာတစ်ခုကတော့ ထိခိုက်ဒဏ်ရာရပြီး သေတာမဟုတ်ပါဘူး” ဟု ဒေါက်တာဇော်လွင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ဒေါက်တာနေလင်းထွေးအား မေလ ၈ ရက်နေ့နံနက်က မြေပုံမြို့ဆေးရုံဝင်းအတွင်း၌ သူ၏ နေအိမ် အတွင်းတွင် သေဆုံးလျက် တွေ့ရှိခဲ့သည်။ သူရုတ်တရက် သေဆုံးသွားမှုနှင့် ပတ်သက်ပြီး ကောလဟလ သတင်းအမျိုးမျိုးဖြစ်ပေါ်ခဲ့ပြီးနောက် သူသေဆုံးမှုအပေါ် ပြည်နယ်ကျန်းမာရေး ဦးစီးဌာနက စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

“ဒေါက်တာနေလင်းထွေးသေဆုံးနေတဲ့ အချိန်မှာ အင်္ကျီဝတ်ထားခြင်းမရှိဘူး။ နမိုးနီးယား အဆုတ်ရောင် ရောဂါကြောင့် သေဆုံးနိုင်ခြေရှိပါတယ်။ သူ့ဘေးနားမှာလည်း ဆေးဝါးများတွေ့ရှိတဲ့ အတွက် ဓါတု အဆိပ်သင့်ပြီး သေဆုံးခြင်းဖြစ်နိုင်ပါတယ်။ သူရဲ့ ဆေးစစ်ချက် အဖြေကတော့ တိတိကျကျ သိရှိခြင်း မရှိသေးပါ” ဟု ဒေါက်တာဇော်လွင်က ဆက်ပြောသည်။

၎င်းသေဆုံးခြင်းနှင် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် ရခိုင်ပြည်နယ် ကျန်းမာရေး ဌာန အားမေးမြန်းရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “ကျွန်တော် သိသလောက် ကတော့ စစ်တွေဆေးရုံက မှုခင်းဆရာဝန်ကြီးကနေ အဲဒီအစာအိမ်မှာ တွေ့တဲ့ အရည်မှာ ဘာတွေ ပါသလဲဆိုတာ ဓါတုဗေဒဌာနကို စစ်ဆေးဖို့ ပို့ထားတယ်လို့သိရတယ်။ အဲဒါက ကုသရေးဖက်ကို မေးရပါမယ်” ဟု ပြောသည်။

ဒေါက်တာနေလင်းထွေးမှာ သေဆုံးချိန်တွင် အသက် (၃၅) နှစ်သာ ရှိသေးပြီး စစ်တွေမြို့ဇာတိဖြစ်ကာ ရသေ့တောင်မြို့နယ် ဆေးရုံတွင် တာဝန်ကျနေခဲ့ရာမှ လွန်ခဲ့သော တစ်လကျော်ခန့်မှ မြေပုံမြို့နယ် ဆေးရုံသို့ တာဝန်ကျ၍ ရောက်ရှိလာခြင်းဖြစ်ပြီး မေလ ၈ ရက်နေ့ နံနက်က ရုတ်တရက် သေဆုံး၍ တွေ့ရှိခဲ့သည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...