ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ဆန်ပြတ်လပ်

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ဆန်ပြတ်လပ်

နှင်းနွယ် — ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် အစိုးရအဖွဲ့မှထောက်ပံ့ပေးမည့် ဆန်အိတ်များ မရောက်ရှိလာသည့်အတွက် စခန်းတွင် ဆန်များပြတ်လပ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

လူဦးရေ ၂၈၁၇ ဦး ခိုလှုံနေထိုင်နေသည့် အဆိုပါစစ်ဘေးရှောင်စခန်းမှာ အစိုးရအဖွဲ့မှ ထောက်ပံ့ပေးမည့် ဆန်အိတ်များ မရရှိသေးသဖြင့် ယမန်နေ့ မေလ ၁၂ ရက်နေ့ကတည်းက ဆန်များလုံးဝပြတ်တောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ စားသောက်ရေးအတွက် ညောင်ချောင်းကျေးရွာ ဆန်စက်ပိုင်ရှင် ၃ ဦးထံမှ ဆန်အိတ် ၁၅၀ ချေးငှားကာ စခန်းတွင် ဝေငှထားရကြောင်း ညောင်ချောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။

“လက်ရှိ လုံးဝပြတ်တောက်သွားတာကတော့ ဆန်ပေါ့။ တခြားဆန်၊ ဆီ၊ ဆားတွေကိုတော့ ရှိတဲ့အလှူငွေ လက်ကျန်လေးနဲ့ ဝယ်လိုက်ရတယ်။ အခု ချေးထားတဲ့ဆန်အိတ် (၁၅၀)ကလည်း (၆)ရက်စာလောက်ရှိပေမယ့် စစ်ဘေးရှောင်တွေကို သုံးရက်စာလောက်ပဲ ထုတ်ပေးထားသေးတယ်။ နောက်ထပ် လူအသစ်ရောက်လာရင် ပေးစရာမရှိမှာကို စိုးရိမ်တဲ့အတွက် အကုန်ထုတ်မပေးရဲဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ပြိုင်းတိုင်း၊ မဲတောင်၊ လောင်းရှည်၊ မာလာ၊ ကျောက်ခုံစု၊ လက်ပံ၊ သရေ၊ ကွမ်းစည်း၊ ပိန္နဲချောင်း၊ သာစည်၊ အောင်သာယာ၊ မျောက်တောင်၊ တင်းမ၊ မီးလက်ဝ၊ ပျဉ်ဝ စသည့်ကျေးရွာ များမှ ဒေသခံများ ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။

၎င်းစစ်ဘေးရှောင်များထဲတွင် ပြီးခဲ့သည့် ၂၀၁၉ မတ်လကတည်းကပင် စစ်ဘေးရှောင်လာသူများလည်း ပါဝင်သည့်အပြင် ယခုလက်ရှိတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများလည်း ပါဝင်ကြောင်း သိရသည်။

“အခုလက်ရှိ ဆန်တခုတည်းကိုတောင် ပုံမှန်ပေးနေကျအတိုင်း မပေးနိုင်ဘဲ တဝက်လောက်ပဲ ပေးနိုင်တယ်။ တခြား ဆန်၊ ဆီ၊ ဆားတွေကိုတော့ ကိုယ့်နည်းနဲ့ကိုယ် အဆင်ပြေသလို စားနေရတယ်။

ကျနော်တို့စိုးရိမ်တာက အခုလို နွေရာသီမှာတောင် ဆန်တွေလုံလောက်အောင် မပေးနိုင်ရင် မိုးရာသီဆို ပိုပြီးတော့ အခက်အခဲဖြစ်လာ မှာကို စိုးရိမ်မိတယ်” ဟု ကျောက်တော်မြို့နယ် ပြိုင်းတိုင်းကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသူ ဦးအောင်ကျော်လှက ပြောသည်။

ယခုလက်ရှိချေးယူထားသည့် ဆန်အိတ်များကုန်သည့်တိုင်အောင် နောက်ထပ်ဆန်အိတ်များရောက်မလာခဲ့ပါက စစ်ဘေးရှောင်များအနေဖြင့် ငတ်ပြတ်သည့် အခြေအနေအထိ ရောက်ရှိလာနိုင်သဖြင့် အစိုးရအနေဖြင့် အတတ်နိုင်ဆုံး ကူညီပေးစေလိုကြောင်း ကိုခိုင်မျိုးအောင်ကဆက်ပြောသည်။

“ဆန်အိတ်တွေ ထပ်ပြီး ပြတ်တောက်သွားမယ်ဆိုရင် ဒီမှာရှိတဲ့ စစ်ဘေးရှောင်တွေက ပြင်ပနေရာကိုတောင် ရောက်သွားနိုင်တယ်။ သူတို့က ဒီနေရာကို အားကိုးပြီးတော့ လာနေကြတာ။ တကယ်လို့ ဒီနေရာမှာ အဆင်မ ပြေဘူးဆိုရင် သူတို့ ဆက်နေထိုင်ဖို့အတွက် အရမ်းခက်ခဲသွားမယ်။ ဒါကြောင့် အစိုးရအနေနဲ့ တခြားလူမှုရေး အဖွဲ့အစည်းတွေ၊ နိုင်ငံခြားအဖွဲ့တွေကို လွတ်လွတ်လပ်လပ် ကူညီခွင့်ပေးစေချင်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းသည် မြို့နှင့်အလှမ်းဝေးသည့်အတွက် ပြင်ပအဖွဲ့အစည်းများနှင့် အလှူရှင်များ အနေဖြင့် တပ်မတော်စစ်ဆေးရေးဂိတ်များကိုဖြတ်ကာ လာရောက်ကူညီပေးရန်အတွက် အခက်အခဲများ ရှိနေကြသည်။

ယခုကဲ့သို့ အစိုးရမှ ထောက်ပံ့ပေးမည့်ဆန်အိတ်များ ညောင်ချောင်းစစ်ဘေးရှောင်စခန်းသို့ မရောက်ရှိသေးသည့် ကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းဇော်ကို DMGက ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော် (AA)တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ဦးရေ တစ်သိန်း ခြောက်သောင်း လေးထောင်ကျော်ထိ ရှိလာနေပြီး ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း အချို့တွင်လည်း ယခုကဲ့သို့ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရသည်။

ဧပြီလ ၄ ရက်နေ့က ညောင်ချောင်းစစ်ဘေးရှောင်စခန်းအတွက် လိုအပ်သည့်ဆန်များကို မြို့နယ်အုပ်ချုပ်ရေး မှူးရုံးမှ ကားဖြင့်သယ်ဆောင်လာသည့် ကျေးရွာအုပ်စုစာရေး ဦးအုန်းနိုင်အပါအဝင် အမျိုးသား ၁၅ ဦးကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ တပ်မတော်မှဖမ်းဆီးခဲ့ကာ ရဲစခန်းသို့အပ်နှံခဲ့သည်။

ဓာတ်ပုံ - ကျောက်တော်မြို့ပေါ်ရှိ သာသနာ့ဗိမာန်တွင် လာရောက်ခိုလှုံနေကြည့် စစ်ဘေးရှောင်များအား မေလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- ဇော်ဇော်၊ DMG)

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...