ပလက်ဝတွင် လက်နက်ကြီးပေါက်ကွဲပြီး ဒေသခံတစ်ဦး ဒဏ်ရာရ

ပလက်ဝတွင် လက်နက်ကြီးပေါက်ကွဲပြီး ဒေသခံတစ်ဦး ဒဏ်ရာရ

မျိုးသီရိကျော် — ချင်းပြည်နယ် ပလက်ဝမြို့နယ် ကေသကျေးရွာတွင် မေလ ၁၂ ရက် နေ့လည်ပိုင်းက လက်နက်ကြီးကျည် တစ်လုံး ရွာထဲသို့ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျေးရွာသားတစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ကေသကျေးရွာတွင်နေထိုင်သည့် ဦးဦးသန်းတင် ၅၀ နှစ်မှာ မိမိအိမ်ရှေ့ရှိ သစ်ပင်ရိပ်အောက်တွင် ထိုင်နေစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲရာမှ ကျည်စထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဦးဦးသန်းတင်မှာ လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် ညာဖက်ပေါင်၊ ညာဘက်လက်မောင်းနှင့် ဘယ်ဘက် လက်မောင်းတို့တွင် ဒဏ်ရာအသီးသီးရရှိသွားခဲ့ကြောင်းလည်း သိရသည်။

၎င်းလက်နက်ကြီးမှာ ပလက်ဝမြို့အရှေ့ဖက် ၂ မိုင်ကျော်ကွာဝေးသည့် တပ်မတော် ခလရ ၂၈၉ မှ ပစ်ခတ်ခြင်း ဖြစ်ကြောင်း ပလက်ဝမြို့နယ် ပရဟိတလူငယ်များအသင်းမှ ကိုတင်ထွန်းအောင်က ပြောသည်။ ထို့ပြင် ကေသ ကျေးရွာအနီးရှိတောင်တန်းတွင်လည်း ယမန်နေ့က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများရှိကြောင်း ၎င်းကဆိုသည်။

“အခုလိုမျိုး လက်နက်ကြီးတွေ ရမ်းသပ်ပစ်ခတ်တာတွေကြောင့် ပလက်ဝမြို့နယ်က ကျေးရွာပေါင်း ၈ ရွာလောက် ပျက်စီးနေတာတွေရှိနေပါပြီ” ဟု ကိုတင်ထွန်းအောင်က ပြောသည်။

လက်ရှိမှာ ဒဏ်ရာရရှိခဲ့သူအား ကျေးရွာအတွင်းရှိ ကျန်းမာရေးသင်တန်းဆင်းများက ဆေးကုသပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို DMG မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိခဲ့ပေ။

ထို့ပြင် ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်ကိုလည်း DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ပလက်ဝ ပရဟိတလူငယ်များအသင်းမှ ကိုတင်ထွန်းအောင်က လက်နက်များဖြင့် ကျေးရွာအတွင်းမပစ်စေ လိုကြောင်း ပြောသည်။

“တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ရွာသားတွေလည်း ပလက်ဝမြို့ပေါ်ကို ထွက်ပြေးနေကြတယ်။ ဖြစ်နိုင်ရင် လက်နက်တွေကို ရွာထဲကိုမပစ်စေချင်ဘူး။ တိုက်ပွဲတွေဖြစ်ရင်လည်း သူတို့အချင်းချင်း တောတောင်တွေမှာ သွားဖြစ်ကြပါ” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ တစ်ဖြည်းဖြည်းတိုးလာနေသည်။

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...