ကရင်ငြိမ်းချမ်းရေးကောင်စီ -KNU/KNLA (PC) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဌေးမောင် မေလ ၃ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီး နောက်အဖွဲ့၏ ဥက္ကဋ္ဌနေရာကို ယခုမေလကုန်ပိုင်းတွင် ဗဟိုအစည်းအဝေး၏ သဘောတူဆုံးဖြတ်ချက်အရ ရွေးချယ်သွားမည်ဟု တာဝန်ရှိသူထံမှ သိရသည်။
ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောထော့လေးအား အဖွဲ့၏လုပ်ထုံးလုပ်နည်းအရ ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ယခု မေလနောက်ဆုံးပိုင်းတွင် ဗဟိုကော်မတီအစည်းအဝေးခေါ်ကာ အဖွဲ့၏ ဥက္ကဋ္ဌ ရာထူးနေရာကို အများသဘောတူ ဆုံးဖြတ် ချက် အရ ရွေးချယ်သွားမည်ဟု KNU/KNLA(PC) တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်က ယနေ့(မေလ ၁၂ ရက်)တွင် ကေအိုင်စီသို့ပြောသည်။
၎င်းက “ပြန်လည်ရွေးကောက်တင်မြောက်ဖို့ဆိုတာက မိခင် KNU (ကရင်အမျိုးသားအစည်းအရုံး)ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံမူဝါဒ အတိုင်းပါပဲ။ ဒါပေမယ့် မူဝါဒအားလုံးတော့ မလုပ်နိုင်သေးဘူးပေါ့လေ။ ကိုယ့်အဖွဲ့ရဲ့အခြေအနေ ပကတိ အနေအထား ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအပေါ်မှာ လုပ်ဆောင်သွားမယ်။ မေလကုန်ခါနီးမှ ဥက္ကဋ္ဌ ပြန်ရွေးဖြစ်မယ်။ ဗဟိုကော်မတီအစည်းအဝေးခေါ်ပြီး အားလုံးသဘောတူဆုံးဖြတ်ချက်နဲ့ လုပ်သွားမယ်” ဟု ပြောသည်။
အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဌေးမောင် အသက်ရှိနေစဉ် ချမှတ်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် လမ်းညွှန်ချက်များ အပေါ် ထိန်းသိမ်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးကိစ္စရပ်များတွင် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် စုစုစည်းစည်း လက်တွဲဆောင်ရွက်သွားမည်ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့်အတူ လက်မှတ်ရေးထိုးထားပြီး ဖက်ဒရယ်တည်ဆောက်ရေး မူဝါဒလမ်းစဉ်များတွင် KNU အဖွဲ့၏ ဦးဆောင်မှုအနေဖြင့် ၎င်းတို့ ပူးပေါင်းဆောက်ရွက်လျက်ရှိသည်ဟု တာဝန်ရှိသူများထံမှ သိရသည်။
ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးကော်မတီ JMC-S အရပ်သားကိုယ်စားလှယ် နန်းမြင့် တင် က “ စစ်ဘက်ဆိုင်ရာရော၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာရော၊ ကရင်အမျိုးသားအရေးဆိုင်ရာမှာရော နားလည်ထားတဲ့ ခေါင်းဆောင်မျိုးဆို ပူးပေါင်းဆောင်ရွက်ရတာ အဆင်ပြေတယ်။ NCA က ဆိုးစေ၊ ကောင်းစေ ပြောဆို လို့ရတဲ့နေရာ တစ်ခုရှိတဲ့အပေါ်မှာ အရေးအရာတစ်ခုကို ဆွေးနွေးကြတဲ့အခါ ကရင်အဖွဲ့တွေအချင်းချင်း တိုင်ပင်ဆွေးနွေးကြတဲ့ အစဉ်အလာ ကောင်းတွေ ရှိစေချင်တယ်” ဟု ကေအိုင်စီသို့ပြောသည်။
KNU/KNLA(PC) အဖွဲ့သည် ကွယ်လွန်သူ အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်ဦးဆောင်ကာ ၂၀၀၇ ခုနှစ်တွင် KNU အဖွဲ့အ စည်းမှ ခွဲထွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ နော်တယာမြို့ ထို့ကော်ကိုးတွင် အဖွဲ့၏ ဌာနချုပ်အဖြစ် ထားရှိသည်။







