မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးရမိသူ ၃ဝ ကျော် KNU မူယစ် ဥပဒေဖြင့် အရေးယူ

မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးရမိသူ ၃ဝ ကျော် KNU မူယစ် ဥပဒေဖြင့် အရေးယူ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ကရင်အမျိုးသားရဲတပ်ဖွဲ့ -KNPFက မေလ ၇ ရက်နေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အတွင်းစခန်းကြီးနေရာ ရာဘာတောထဲတွင် မူးယစ်ဆေးပြားရောင်းသူ ၂ ဦးနှင့် ဆေးပြား လာရောက်သုံးစွဲမည့်သူဟု ယူဆရသူ ၃၅ ဦးကို ကော်သူးလေ မူးယစ်ဥပဒေဖြင့် အရေးယူသွားမည်ဟု ရဲစခန်းတာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

အမျိုးသားနှစ်ဦးထံမှ WY တံဆိပ်ပါ မူးယစ်ဆေးပြား စုစုပေါင်း ၈ဝဝ ကျော် ဖမ်းဆီးရမိရာမှ စစ်ဆေးမှုဆောင်ရွက်နေစဉ် နောက် ထပ်လူ ၃၅ ဦးပါ မူးယစ်ဆေးသုံးစွဲရန် ရောက်ရှိလာကြောင်း ခံဝန်ပြောဆိုသဖြင့် ၎င်းတို့ကိုပါ မူးယစ်အက်ဥပဒေအရ ဖမ်းဆီးရခြင်းဖြစ်သည်ဟု ဝင်းရေးမြို့ နယ် ဖားပြစခန်းမှူး စောငြိမ်းချမ်းက  ကေအိုင်စီသို့ ပြောသည်။

၎င်းက “ တစ်ယောက်က ဆေးပြား ၄ဝ မိတယ်။ သူ့ကိုတော့ ဝင်းရေးမြို့နယ်တရားရုံးမှာ အမှုတင်ထားတယ်။ နောက်တစ် ယောက်က ဆေးပြားအလုံးရေ ၈ဝဝ ကျော် သူ့ကိုတော့ ခရိုင်တရားရုံးမှာ ပို့ရမယ်။ သုံးစွဲဖို့ လာရောက်တဲ့သူတွေက အုပ်ထိန်းသူတွေ ကျေးရွာအုပ် ချုပ်ရေးအဖွဲ့ဝင်တွေ အသိသက်သေတွေခေါ်ပြီး ခံဝန်ကတိထိုးပြီး ပြန်လွတ်တယ်” ဟု မေလ ၉ ရက်နေ့တွင် ပြောသည်။

ကော်သူးလေ၏ ၂ဝ၁၄ မူးယစ်အထူးအက်ဥပဒေအရ ဆေးပြားအလုံးရေ ၁ဝဝ အောက် လက်ဝယ်ဖမ်းဆီးမိလျှင် မြို့နယ်တရားရုံးသို့ အမှုစီရင်ဆုံးဖြတ်ရပြီး ၁ဝဝ အထက် ဖမ်းဆီးရမိလျှင် ခရိုင်တရားရုံးထံ  တရားစီရင်ပို့ဆောင်ရမည်ဟု ပြန်ဌာန်းထားသည်။ ဆေးသုံးစွဲ ထားကြောင်း ခိုင်လုံလျှင် မူးယစ်ပုဒ်မ ၁ အရ အကျယ်ချုပ် ၆ လမှ ၁ နှစ်အထိ ပြစ်ဒဏ်သတ်မှတ်ထားသည်ဟု ကော်သူးလေ မူးယစ်ဥပဒေ ပုဒ်မများအရ သိရသည်။

အဆိုပါ မူးယစ်ဆေးမှုဖြင့် KNPF က ဖမ်းဆီးခေါ်ဆောင်သွားသူများကို ပြစ်ဒဏ်အစား ငွေဒဏ်ဖြင့် ဆုံးဖြတ်ဆောက်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်မှုအသံမျိုးစုံထွက်ပေါ်လျက်ရှိသည်။

ယင်းဝေဖန်မှုနှင့်ပတ်သက်၍ စခန်းမှူးစောငြိမ်းချမ်းက“မိဘတွေက ကလေးတွေရော ၊ ဆိုင်ကယ်တွေရော ချက်ချင်းပြန် ခေါ်သွား ချင်တယ်ဆိုပြီး ပြောတယ်။ သုံးစွဲထားကြောင်း ခိုင်လုံတဲ့အတွက် မူးယစ်ပုဒ်မ ၁ အရ ၆ လကနေ ၁ နှစ်အထိ ပြစ်ဒဏ်ရှိတယ်။ ၆ လစာနဲ့ ညီမျှတဲ့ ပြစ်ဒဏ် ၆ လအစား ညီမျှတဲ့ ငွေဒဏ်ပေါ့။  ဒါကပြစ်ဒဏ်အရပါ။ တကယ်အားလုံး မရပါဘူး” ဟု ပြောသည်။

မူးယစ်ဆေးမှုနှင့် လောင်းကစားမှုများတွင် ပြစ်ဒဏ်ကျခံရသူများနှင့် အကျယ်ချုပ်ကျခံရသူများကို ၎င်းတို့၏စရိတ်ဖြင့်သာ ထိန်းသိမ်းရေးစခန်းများတွင် နေထိုင်ရမည်ဟု ဝင်းရေးမြို့နယ်တွင် သတ်မှတ်ထားသည်ဟု တာဝန်ရှိသူထံမှ သိရသည်။

“အပြစ်ပေး အရေးယူတဲ့အပိုင်းတွေမှာ ထိရောက်မှု အားနည်းနေပါသေးတယ်။ ပညာပေးတာ စာရိတ္တပိုင်း ထိန်းသိမ်းတာမျိုးတော့ အောင်မြင်ပါတယ်။ ပြန်လည်ကောင်းမွန်သွားတဲ့ လူငယ်တွေလည်း ရှိပါတယ်။ ဖမ်းဆီးပြီးဆိုရင် တရား ဥပဒေအတိုင်း ပြတ်ပြတ်သား သားလုပ်ဖို့ လိုအပ်တယ်” ဟု မူးယစ်ဆေးပြစ်မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရဖူးသူ လူငယ်တစ်ဦးက  ပြောသည်။

KNU ဝင်းရေးမြို့နယ်အနေဖြင့် ၂ဝ၁၆ ခုနှစ်တွင် မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူများကို အရှိန်မြင့်ဖမ်းဆီးဆောင်ရွက်ခဲ့ပြီး အများပြည် သူရှေ့တွင် ၄ ကြိမ်တိုင် ဖမ်းဆီးမူးယစ်ဆေးပြားများကို မီးရှို့ဖျက်ဆီးမှု အခမ်းအနားပြုလုပ်ခဲ့သည်။ ဝင်းရေးမြို့ နယ်တွင် မူးယစ်ဆေးပြား သုံးစွဲခြင်းကြောင့် လူသတ်မှုနှင့် သေကြောင်းကြံစည်မှုများအပြင် ပြန်လည်ထိန်းသိမ်းရေး နေရာများတွင် နှစ်စဉ် ၁ဝ ဦးထက်မနည်း ပို့ဆောင်ခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...