တောင်ကုတ်မြို့ အဝင်၊အထွက်တွင် တပ်မတော်မှ လုံခြုံရေးတင်းကျပ်ထား

တောင်ကုတ်မြို့ အဝင်၊အထွက်တွင် တပ်မတော်မှ လုံခြုံရေးတင်းကျပ်ထား

မျိုးမြင့်ဇော် — တောင်ကုတ်မြို့နယ်မှ (NLD)ပါတီဝင်အချို့ကို ရဲအယောင်ဆောင်ကာ လူတစ်စုမှ ဖမ်းဆီးရန်ကြိုးပမ်းမှုဖြစ်စဉ် ဖြစ်ပေါ်ပြီးနောက် တောင်ကုတ်မြို့အဝင်/အထွက်တွင် တပ်မတော်က လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်နေကြောင်း တောင်ကုတ်မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် မေ ၂ ရက်နေ့က တောင်ကုတ်မြို့နယ်၊ ကျော်ကိုင်းရွာနေ ရခိုင်ပြည်နယ် NLD ပါတီ အလုပ်အမှု ဆောင် ဦးဝင်းလှိုင်အား ရဲယူနီဖောင်းဝတ်ဆင်ထားသည့် လူတစ်စုမှ ဖမ်းဆီးရန်ကြိုးပမ်းခဲ့မှု ဖြစ်ပွားခဲ့ပြီး ဦးဝင်းလှိုင်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တောင်ကုတ်မြို့နယ် NLD ပါတီဝင်များက ပြောသည်။

ယခုကဲ့သို့ ဖြစ်စဉ်များဖြစ်ပွားပြီးနောက် တောင်ကုတ်မြို့အဝင်/အထွက်ကို လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံများက ပြောသည်။

“စစ်တပ်နားက တောင်ကုတ်မြို့ အဝင်/အထွက်ဂိတ်တွေကို ည ၆ နာရီခွဲမှာ လုံးဝပိတ်တယ်။ ဝင်/ထွက်ခွင့် မရှိဘူး” ဟု တောင်ကုတ်မြို့ပေါ်မှ အမည်မဖော်လိုသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက DMG ကို ပြောသည်။

ထို့ပြင် မေလ ၅ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော်ကျေးရွာမှ အသက် ၅၂ နှစ်အရွယ် ဦးသန်းရွှေ၏နေအိမ်ကို အရပ်ဝတ်ဖြင့်လူ ၅ ဦးမှလာရောက်ကာ ဦးသန်းရွှေအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင်အချို့ကို ရဲအယောင်ဆောင်ကာ ဖမ်းဆီးရန်ကြိုးပမ်းမှုမှာ ရက္ခိုင့်တပ်တော် (AA)၏ လက်ချက်ဖြစ်ကြောင်း မြန်မာ့တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

လက်ရှိမှာ တောင်ကုတ်မြို့ အဝင်စစ်တပ်ရှေ့တွင် သံဆူးကြိုးများတားထားကာ မြို့အဝင်/အထွက်များကို တပ်မတော်သားများမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သံတွဲ-ရန်ကုန်ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက “တောင်ကုတ်မှာ ပုံမှန်ထက် လုံခြုံရေးတင်းကျပ်ထားတယ်။ ခရီသည်တင်ကားတွေ စစ်တပ်ရှေ့က ဖြတ်ရတဲ့အခါ စစ်ဆေးတာတွေရှိတယ်” ဟု ပြောသည်။

သို့သော် တောင်ကုတ်မြို့ပေါ်ရှိ ပြည်သူများမှာ ပုံမှန်အခြေအနေအတိုင်း သွားလာလျက်ရှိနေကြောင်း မြို့ခံများက ပြောသည်။

Covid(19) စဖြစ်စဉ်ကာလ လမ်းပေါ်၌ လူသွားလူလာမရှိသလောက်နည်းပါးခဲ့ပြီး ယခုရက်ပိုင်းအတွင်းမှ လူအသွားအလာ ပြန်လည်စည်ကားလာခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကုတ်မြို့တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ပူးပေါင်းကာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေကြောင်း တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးသန်းနိုင်က မေ ၆ ရက်က DMG သို့ ပြောကြားထားသည်။

ဓါတ်ပုံ - တောင်ကုတ်မြို့အဝင် တပ်စခန်းရှေ့ လုံခြုံရေးသံဆူးကြိုးများ ချထားသည်ကို မေလ ၇ ရက်နေ့ကတွေ့ရစဉ်

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...