ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အမ်းသားရွာမှ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ယမန်နေ့က လက်နက်ငယ် ကျည်ဆံထိမှန်ဒဏ်ရာရသွားခဲ့သည်ဟု သတင်းရရှိသည်။
ဒဏ်ရာရရှိသွားသော အမျိုးသမီးမှာ အမ်းသားကျေးရွာမှ ဒေါ်အေးချမ်းခိုင် အသက် ၃၆နှစ်ဖြစ်ပြီး မင်းပြားပြည်သူ့ဆေးရုံတွင် အရေးပေါ် ဆေးကုသခံလျက်ရှိကြောင်း သိရှိရသည်။
ဒဏ်ရာရရှိသွားသူ ဒေါ်အေးချမ်းခိုင်က "ကျမက အိမ်မှာထိုင်ပြီး ဆိုင်ရောင်းနေတာပါ။ အဲဒီအချိန်မှာ ကျမရဲ့ ဘယ်ဖက်ခြေသလုံးကို လက်နက်ငယ်ကျည်ထိမှန်သွားခဲ့တယ်။ ကျည်က ရွာအရှေ့ဖက်တောင်တန်းဆီက လာတာပါ။ ဆေးရုံရောက်တော့ အဲဒီ ကျည်ကိုထုတ်ထားပါပြီ" ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
အမ်းသားကျေးရွာသည် မင်းပြား ရာမောင်တံတား၏ အနောက်ဖက်တွင် တည်ရှိပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က လက်နက်ငယ်ကျည် ထိမှန်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားခြင်း ရှိ/ မရှိကိုမသိရကြောင်း၊ တောင်တန်းတစ်လျှောက်တွင် လက်နက်ကြီး ပစ်ခတ်သံ များကြားရကြောင်း၊ လေယာဉ်များဖြင့် ဗုံးကြဲခြင်းများကို မြင်တွေ့ရကြောင်း သူမက ဆက်လက်ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်နှင့် ဦးလှအောင်ညွှန်တို့ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
၎င်း အမ်းသားကျေးရွာအနီးတွင် ယခင်ကလည်း မကြာခဏ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။







