စစ်ဘေးရှောင်များအတွက် အစိုးရမှထောက်ပံ့သည့်ဆန်အိတ်များ သယ်ယူရန်အခက်အခဲဖြစ်နေ

စစ်ဘေးရှောင်များအတွက် အစိုးရမှထောက်ပံ့သည့်ဆန်အိတ်များ သယ်ယူရန်အခက်အခဲဖြစ်နေ

အောင်ထိန်  — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဝါးတောင်စစ်ဘေးရှောင်စခန်းနှင့် တောင်မင်းကုလား စစ်ဘေးရှောင်စခန်းများအတွက် အစိုးရမှ ဆန်အိတ် (၅၀၀)ကို ထောက်ပံ့ပေးထားရာ ၎င်းဆန်အိတ်များကို စစ်ဘေးရှောင်စခန်းသို့သယ်ယူရန် အခက်အခဲဖြစ်နေကြောင်း စခန်းတာဝန်ခံရှိသူများထံမှ သိရသည်။

အစိုးရမှထောက်ပံပေးသည့် ဆန်အိတ် ၅၀၀ ထဲမှ ဆန်အိတ် ၂၅၀ ကို မေလ ၆ ရက်နေ့က ကျောက်တော်မြို့သို့ သွားရောက်ပြီး ကားဖြင့် သယ်ဆောင်လာစဉ် ကန်စောက်တောင်ခြေရှိ (၅၃၉)တပ်ရင်းတွင် တစ်နာရီကျော်ကြာ အစစ်ဆေးခံခဲ့ရကြောင်း ဝါးတောင်စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးထွန်းလှကျော်က ပြောသည်။

ယင်းသို့စစ်ဆေးရာတွင် မြို့နယ်၊ ခရိုင်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်များ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ခွင့်ပြုချက်အထောက်အထားပါ တောင်းခံသဖြင့် အခက်အခဲဖြစ်ပေါ်ခဲ့ရကြောင်း ၎င်းကဆိုသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးကပြောတယ်။ ဘာမှမဖြစ်ဘူး။ တပ်ရင်းကို အကြောင်းကြားလိုက်မယ်လို့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့သယ်လာတဲ့အခါ သူတို့(စစ်သားတွေ)က ပြောတာက မြို့နယ်၊ ခရိုင်၊ ပြည်နယ်အထောက်အထားတွေ၊ နောက် နယ်လုံဝန်ကြီးရဲ့ခွင့်ပြုချက် အထောက်အထားခိုင်လုံပြီးမှ ခွင့်ပြုမယ်လို့ပြောတယ်” ဟု ကိုထွန်းလှကျော်က ပြောသည်။

ထို့နောက်တွင် ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့မှုကြောင့် ဆန်အိတ်များ သယ်ဆောင်လာသည့်ကားကို သွားခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း နယ်/လုံဝန်ကြီး၏ ထောက်ခံချက် မပါသည့်အတွက် တပ်ရင်းမှ နောက်တစ်ခေါက်သွားယူခွင့်ကို တားမြစ်ခဲ့ကြောင်း ဆန်သယ်ယူရာတွင် ပါဝင်သည့် ဝါးတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်ရွှေဘုက ပြောသည်။

“ကျနော်တို့က မြို့နယ်ကထောက်ခံစာတွေ၊ ခရိုင်ကလွှဲပေးစာတွေကိုပေးတယ်။ ဒါပေမယ့် ကျနော်တို့မှာ နယ်/လုံဝန်ကြီး ထောက်ခံချက်တစ်ခုလိုတယ်လို့ သူတို့ကပြောတယ်” ဟု ဦးစိန်ရွှေဘုက ဆိုသည်။

စစ်ဘေးရှောင်စခန်းရှိ ဒုက္ခသည်များအတွက် တစ်နေ့ကို လူတစ်ဦးလျှင် နို့ဆီဘူး ၂ လုံးကျစီဖြင့် တစ်လစာ နို့ဆီဘူး ၆၀ အတွက် အစိုးရက ထောက်ပံ့ပေးလျက်ရှိသည်။

လက်ရှိမှာ ဝါးတောင်စစ်ဘေးရှောင်စခန်းနှင့် တောင်မင်းကုလား စစ်ဘေးရှောင်စခန်းများတွင် အရပ်ဖက်လူမှုကူညီရေးအသင်းများ၏ ထောက်ပံ့ကူညီမှုများ နည်းပါးသွားခြင်းကြောင့် ဒုက္ခသည်များမှာ အစိုးရကထောက်ပံ့သည့် ဆန်ရိက္ခာများကိုသာ အဓိကအားထားနေရကြောင်း သိရသည်။

“ဆန်ရိက္ခာပြည့်စုံမှုမရှိရင် စခန်းက ဒုက္ခသည်တွေအနေနဲ့ အခက်အခဲဖြစ်သွားမယ်။ ဒုက္ခသည်အနေနဲ့ အလုပ်အကိုင်လည်းမရှိဘူး။ မိမိနေရပ်ကို ပြန်သွားဖို့လည်း အဆင်မပြေဘူး။ ကူညီထောက်ပံ့မှုတွေကိုပဲ အားကိုးနေရတာ” ဟု ကိုထွန်းလှကျော်က ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းဇော်တို့ကို DMG က ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ်အတွင်းမှ ခမောင်း၊ ပြိန်းချောင်း၊ ဂင်ပိ၊ တဲဝ၊ လေကွေ့၊ င/စရိုင်းကိုင်း၊ ပညာဝ၊ ရှင်းမဝန်တောင်း စသောကျေးရွာများမှ ဒေသခံများ လာရောက်ခိုလှုံနေကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့က ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းအတွက် အစိုးရက ထောက်ပံ့ပေးအပ်သည့် ဆန်အိတ် (၁၅၀)ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ယူပြီး သယ်ဆောင်လာသူ ကျေးရွာစာရေးအပါအဝင် စစ်ဘေးရှောင် ၁၅ ဦး ဖမ်းဆီးခံခဲ့ရသည်။

ပုံစာ - ရခိုင်ဝန်ကြီးချုပ် ဦးညီပု စစ်တွေမြို့ပေါ် စစ်ဘေးရှောင်စခန်းတွင် ကလေးကစားစရာပစ္စည်းများ ပေးကမ်းလှူဒါန်းနေသည်ကို ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...