အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် တပ်တွင်းမှ ကျောင်းဆရာမတစ်ဦး လက်ပစ်ဗုံးဖြင့် အပစ်ခံရ၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် စစ်တွေတွင် ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။
ဒဏ်ရာရရှိခဲ့သူ ကျောင်းဆရာမမှာ ဒေါ်ချိုဇင်အောင်(၂၈)နှစ်ဖြစ်ပြီး မေလ ၃ ရက်နေ့ နံနက်က တပ်ရင်း (၅၃၇) အတွင်းတွင် ဒဏ်ရာရရှိခြင်းဖြစ်သည်ဟု သိရှိရကြောင်း ရသေ့တောင်မြို့နယ်မှ ပရဟိတ လုပ်ကိုင်နေသူ ဦးအေးမောင်က နိရဉ္စရာသတင်းဌာန ကို ပြောသည်။
“လက်ပစ်ဗုံးနဲ့ အပစ်ခံရတယ်လို့လည်းကြားရတယ်။ တိတိကျကျတော့ ကာယကံရှင်ဘဲ သိပါလိမ့်မယ်။ ခြေနှစ်ဖက်မှာ ဒဏ်ရာရသွားတယ်။ လက်တွေလည်း နာသွားတယ်လို့ကြားတယ်။ သူ့ကို မနေ့က စစ်တွေမြို့နယ် ကုတင် ၁၀၀ စစ်ဆေးရုံကို တင်ထားရတယ်။ ဒီနေ့ ညနေ ရန်ကုန်ကို သယ်မယ်လို့ကြားတယ်”ဟု သူကပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဦးတင်သိန်းအား ဆက်သွယ် မေးမြန်းရာ ထူးခြားဖြစ်စဉ် အဖြစ်တင်လာသဖြင့် သက်ဆိုင်ရာသို့ တင်ပြထားကြောင်းပြောသည်။
“သူတို့ထူးခြားဖြစ်စဉ်တင်တာမှာတော့ သူကတပ်မှာနေတာ။ ရွာတစ်ရွာမှာ တာဝန်ကျနေတဲ့ဆရာမ။ အဲဒီမှာ လက်ပစ်ဗုံးလို့ပါတယ်။ လက်ပစ်ဗုံးနဲ့ပစ်တယ်လို့ပါတယ်။ ဘယ်သူဘယ်ဝါလုပ်တယ်လို့မသိဘူး။ ဖြစ်တဲ့ ဧရိယာက တပ်ထဲမှာဖြစ်တာ။ ပညာရေးဌာနကဘာ လုပ်လို့ရမလဲ။ ပညာရေးဝန်ထမ်းတွေ ကျောင်းသားတွေ ဒီထက်မကဖြစ်ပြီးပြီ။ ဘာလုပ်လို့ရလို့လဲ။ ဖြစ်တာတော့ ပညာရေးဝန်ထမ်းလည်းဖြစ်မှာပဲ ဘာမှမတတ်နိုင်ဘူး။ ကျွန်တော်တောင်ဖြစ်ချင် ဒီလိုဖြစ်မှာ။ ဘာမှ မတတ်နိုင်ဘူး” ဟု ဦးဦးတင်သိန်းက ပြောသည်။
ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးအား ဆက်သွယ်ရာ ၎င်းက “အဲဒါဟုတ်တယ်။ အဲဒီကိစ္စက ကြေးနန်းတင်ထားတယ်။ အပြည့်စုံကို သိရအောင်ရုံးကိုမေးလည်းရပါတယ်” ဟု ပြောသည်။
ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဆက်လက် ဆက်သွယ်ရာ တာဝန်ရှိသူ အရာရှိတစ်ဦးက “အဲဒါက မြို့နယ်အုပ်ချုပ်ရေးမှူးကကိုင်တာ။ ကြေးနန်းတင်ထားတယ်ဆိုတာက ကျွန်တော့် ဆရာပဲပြောလို့ရမယ်။ ကျွန်တော်က ပြောပိုင်ခွင့်မရှိဘူး။ အဲဒါကဖြစ်တာ ဟုတ်တယ်။ သတင်းတွေပေါ်မှာတော့ တတ်နေတယ်။ ဒီကိစ္စတွေက မြို့ပေါ်ရှိတဲ့လူတွေလည်း သိပ်မသိကြဘူး။ တပ်ထဲမှာ ဖြစ်တာဆိုတော့လေ တပ်နဲ့ပဲဆိုင်တယ်။ ကျွန်တော်တို့ အတိကျမသိဘူး”ဟု ၎င်းအရာရှိကပြောသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က အတည်ပြုချက်ပေးရန် ခက်ခဲကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ တိတိကျကျ မသိရှိကြောင်း ပြောသည်။
၎င်းဆရာမ ချိုဇင်အောင်၏ သူငယ်ချင်းဖြစ်သူ အမည်မဖော်လိုသူ ပညာရေးဝန်ထမ်းတစ်ဦးက “ကျွန်တော်တို့ သွားကြည့်တော့ အစစ်ဆေးများတာနဲ့ ဝင်မတွေ့ခဲ့ဘူး။ တခြားသူငယ်ချင်း ကျောင်းဆရာမတွေက ဝင်တွေ့တယ်။ သူတို့ပြောတာတော့ ခြေထောက်ဖြတ်ရဖို့ အခြေနေမရှိဘူးလို့ ပြောကြတယ်။ သူ့တွက် စိတ်မကောင်းဖြစ်ရပါတယ်။”ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်ဘက်သို့ တစ်စုံတစ်ရာ မေးမြန်းနိုင်ခြင်း မရှိသည့် အတွက် ပြစ်မှုကျူးလွန်သူ မည်သူ ဖြစ်သည်ကို နိရဉ္စရာသတင်းဌာန အနေဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။
RFA မှ ဖော်ပြသော သတင်းတွင် ဆရာမ ဒေါ်ချိုဇင်အောင် မေလ ၃ ရက်နေ့ မနက်ပိုင်းက မော်တော်ဆိုင်ကယ်ဖြင့် မိခင်ဖြစ်သူ အတွက် နွားနို့ထွက်ဝယ်စဉ်တွင် မိုင်းထိသွားသည့် အတွက် စစ်တွေမြို့က အမှတ် ၁၇၊ ကုတင် ၁၀၀ စစ်ဆေးရုံတွင် ပို့ဆောင်ကုသနေရကြောင်း သတင်းဖော်ပြထားသည်။







