နှင်းနွယ် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် င/တောက်တူချေကျေးရွာတွင် မေလ (၄) ရက်နေ့ ညနေ (၅) နာရီအချိန် ခန့်က နေအိမ်များ မီးရှို့ခံခဲ့ရသဖြင့် အနည်းဆုံးနေအိမ် ၈ လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း ၎င်းနေရာသို့ သွားကြည့်ခဲ့သည့် ကျေးရွာသားများက ပြောသည်။
ပျက်စီးသွားသည့်နေအိမ် ၈ လုံးမှာ ပျဉ်စီပျဉ်ထောင်အိမ်များဖြစ်ပြီး င/တောက်တူချေကျေးရွာတွင် ၆ ဆောင် နှင့် င/တောက်တူချေ(ရွာသစ်)ကျေးရွာတွင် ၂ ဆောင်ဖြစ်ကြောင်း သိရသည်။
“ခမရ(၅၃၈)တပ်ရင်းက စစ်သားတွေလာကြတယ်။ အဲဒီမှာ ကျေးရွာအနီး ဟင်းရှာသွားနေတဲ့ မိန်းမတွေနဲ့ ကောင်လေးအချို့ရှိတယ်။ သူတို့ကိုမြင်တာနဲ့ လိုက်ပစ်တယ်။ သူတို့ကချောင်းကူးပြီး ပြေးသွားတယ်။ စစ်သားတွေအပြန်မှာ ရွာကိုမီးရှို့တာ” ဟု င/တောက်တူချေကျေးရွာမှ ကိုကျော်နိုင်ထွန်းက ပြောသည်။
ကိုကျော်နိုင်ထွန်းအပါအဝင် ကျေးရွာသားအချို့ မီးရှို့ခံရသည့် င/တောက်တူချေကျေးရွာကို ယနေ့ နံနက် ပိုင်းက သွားရောက်ကြည့်ရှုခဲ့ရာတွင် နေအိမ်အချို့မီးလောင်ပျက်စီးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ပြောသည်။
“အခုလို ရွာထဲကအိမ်တွေကို မီးရှို့ဖျက်ဆီးတာကတော့ မကောင်းပါဘူး။ ကျနော်တို့ရွာတွေကို ဘာကြောင့် မီးရှို့လဲဆိုတာကိုလည်း သိချင်တယ်။ ကျနော်တို့ရွာမှာ ဘာအပြစ်များရှိလို့လဲ။ အပြစ်အနာအဆာ ဘာမှမရှိဘဲနဲ့ အခုလိုမီးရှို့နေတာက ရွာသားတွေ ရွာနားကိုမကပ်ရဲအောင် လုပ်နေတာဖြစ်တယ်” ဟု ကိုကျော်နိုင်ထွန်းက ဆိုသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ယခုကဲ့သို့ ကျေးရွာအတွင်းနေအိမ်များ မီးရှို့ခံ ရသည့်ဖြစ်စဉ်များ ယခင်ကလည်းရှိခဲ့ကြောင်းနှင့် အစိုးရအနေဖြင့် ပြည်သူများကို စောင့်ရှောက်ရန်လိုကြောင်း ပြောသည်။
“ဒီလုပ်ရပ်တွေက မရှိသင့်၊ မဖြစ်သင့်ဘူးဆိုပြီး အရေးယူပေးရမယ်။ လျော်ကြေးပေးရမယ်။ အရင်တုန်းကလည်း ဒီလိုမျိုးတွေဖြစ်ဖူးတယ်။ နောက်မဖြစ်အောင်အတွက် အစိုးရက ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းပေးရမယ့် တာဝန်ရှိတယ်” ဟု ဦးခင်မောင်လတ် ကဆိုသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ရသေ့တောင်မြို့အနီးရှိ တပ်မတော် ခမရ(၅၃၆)၊ (၅၃၇)၊ (၅၃၈) တပ်ရင်းများကို ရက္ခိုင့်တပ်တော်(AA)မှ တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယင်းသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် င/တောက်တူချေကျေးရွာနှင့် င/တောက်တူချေ(ရွာသစ်)မှ ကျေးရွာသားများမှာ အနီးအနားရှိ ပြားချောင်းကြီး စစ်ဘေးရှောင်စခန်း၊ င/တောက်တူကြီးကျေးရွာနှင့် ဘက္ကားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြသည်။
င/တောက်တူချေကျေးရွာသည် ရသေ့တောင်မြို့၏မြောက်ဘက်တွင်ရှိသည့် ခမရ (၅၃၈)တပ်ရင်းနှင့် မိုင်ဝက် ခန့်သာကွာဝေးကြောင်း သိရသည်။
ယခုကဲ့သို့ တပ်မတော်တပ်ရင်း(၅၃၈)မှ နေအိမ်များအား မီးရှို့ခဲ့သည်ဆိုသည့် ကျေးရွာသားများ၏ စွပ်စွဲချက်နှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့သဖြင့် တပ်မတော်၏တုန့်ပြန်ချက်ကို မရရှိသေးပေ။
ရသေ့တောင်မြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားမှုဧရိယာအတွင်းရှိ သမီးလှ၊ အမျက်တောင်ကျေးရွာများ တွင်လည်း ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေစဉ် နေအိမ်များမီးရှို့ခံရမှုများ ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့က ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှာ မီးရှို့ခံရမှုကြောင့် ပျက်စီးသွားခဲ့သည့် နေအိမ်အလုံး ၅၀၀ ကျော် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ်သိန်း ၉၀၀ ကျော်ကို ဧပြီလ ၂၂ ရက်နေ့က ပေးအပ်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်း မီးလောင်ပျက်စီးသွားခဲ့သည့် နေအိမ်များအား တင်ပြလာလျှင် ဝါးအိမ် ဆိုလျှင် ငွေကျပ်တစ်သိန်း ၊ ပျဉ်ထောင်အိမ်ဆိုလျှင် ငွေကျပ်နှစ်သိန်းနှင့် တိုက်အိမ်ဆိုလျှင် ငွေကျပ်သုံးသိန်းစီ ထောက်ပံ့ပေးသွားမည်ဟု ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးက သတင်းမီဒီယာများကို ပြောဆိုထားသည်။







