လူဦးရေ ၅,၀၀၀ စာအတွက် Facility Quarantine နေရာစီစဉ်ထားသည်ဟု ကရင်ပြည်နယ် ဝန်ကြီးချုပ်ပြော

လူဦးရေ ၅,၀၀၀ စာအတွက် Facility Quarantine နေရာစီစဉ်ထားသည်ဟု ကရင်ပြည်နယ် ဝန်ကြီးချုပ်ပြော

နန်းဝေဖြိုးဇာ — မေလဆန်းပိုင်းမှစပြီး ဒုတိယအသုတ်အဖြစ် ထိုင်းနိုင်ငံမှနေရပ်ပြန်လာကြမည့် လူဦးရေ အယောက် ၅,၀၀၀ (ငါးထောင်စာ)အတွက် ကရင်ပြည်နယ်ရှိ Facility Quarantine Center များတွင် ထားရှိနိုင်ရေး စီစဉ်ထား ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။

မေလ ၅ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကရင်၊ မွန်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့၏  Covid -19 ဆိုင်ရာ အပြန်အလှန် ဆွေးနွေးသည့် တိုက်ရိုက်ထုတ်လွင့်မှုအစီအစဉ်တွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်က ယခုလို ပြောသည်။

“ ဒီ Quarantine တွေကိုလည်း ကရင်ပြည်နယ်မှာ ၅ ထောင်လောက်ထားနိုင်အောင် ကြိုးစားပြီး ပြင်ထား တယ်။ မွန်ကလည်း တော်တော်များများ ပြင်ထားတယ်လို့ ပြောတယ်။ ဒါပေမယ့် အဓိကတော့ ကျန်းမာ ရေးအတွက်ပဲ ကျန်းမာရေးက နန်းတို့ ပြည်ထောင်စုဝန်ကြီး ညွှန်ကြားတဲ့အတိုင်းပဲ နန်းတို့ စီစဉ်ထားပါတယ်” ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် ပြန်လာမည့်သူများအတွက် ကရင်ပြည်နယ် Quarantine Center များမှ တဆင့် နေရပ် အသီးသီးပြန်ပို့မည့် အစီအစဉ်တွင် ရာဂဏန်းကနေ ထောင်ဂဏန်းအထိသာ အခက်အခဲမရှိ အဆင် ပြေနိုင်မည်ဖြစ်သော်လည်း လူဦးရေ ၃ ထောင်ခန့်ရှိလာပါက ကရင်ပြည်နယ်အစိုးရအနေဖြင့် အခက်အခဲရှိ လာနိုင်သည်ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။

မေလအတွက် ထိုင်းနိုင်ငံရှိ အလုပ်သမားသံရုံးမှ တစ်ဆင့် ပေးပို့ထားသည့်စာရင်းများအရ ကရင်ပြည်နယ် မြဝတီနယ်စပ်ဂိတ်ဝင် ပြန်ဝင်လာမည့် လူဦးရေ ၂၅,၇၄၈ ဦးရှိကာ ထိုအထဲတွင် ပဲခူးတိုင်းဒေသကြီးမှ အများဆုံး ဖြစ်ပြီး မကွေးတိုင်းနှင့် မွန်ပြည်နယ်တွင် ဒုတိယအများဆုံးပါဝင်သည်ဟု သိရသည်။

အဆိုပါပြန်လာမည့်သူများအနေဖြင့် ကရင်ပြည်နယ်မှတစ်ဆင့် ပြန်ဝင်လာမည်ဖြစ်သော်လည်း ကရင်ပြည်နယ်မှ အားလုံးတာဝန်ယူရန်လက်တွေ့တွင် မဖြစ်နိုင်သည့်အတွက် ၎င်းကိစ္စရပ်များတွင် အိမ်နီးချင်းဖြစ်သည့် မွန်ပြည်နယ်မှ ခွဲဝေတာဝန်ယူရန်လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က မေလ ၅ ရက်ဆွေးနွေးပွဲတွင် ပြန်လည်ဆွေးနွေးပြောဆိုထားသည်။  

ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာပြည်တွင်း နေရပ်ပြန်လာမည့်သူများမှာ ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်များအရ လူဦးရေ သိန်းဂဏန်းထိရှိနိုင်ကြောင်း ပြောဆိုမှုများရှိနေသော်လည်း ထိုင်းနိုင်ငံဘက်မှ လတ်တလောအခြေ အနေများအရ ခရီးသွားလာမှုများကို ကန့်သတ်ထားသည့် အခြေအနေဖြစ်ပေါ်နေဆဲဖြစ်သည်။

ပြီးခဲ့သည့်ဧပြီလအတွင်း မြဝတီ နယ်စပ်ဂိတ် ချစ်ကြည်ရေးတံတား(၂) မှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်ဝင်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား လူဦးရေ ၈၀,၀၀၀(ရှစ်သောင်း)နီးပါးရှိခဲ့သည့်အနက် ကရင်ပြည်နယ်အစိုးရမှ စီစဉ်သည့် Facility Quarantine Center တွင် နေထိုင်သူ လူဦးရေ (၂,၀၀၀)နီးပါးရှိသည်ဟု သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...