နန်းဆိုင်ဖူး — ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း သျှမ်းပြည်လွှတ်တော်က အထူးအစည်းအဝေး ခေါ်ယူကြောင်း သတင်းရရှိသည်။
ယင်းအစည်းအဝေးကို မေ ၁၈ ရက်တွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ သျှမ်းပြည်လွှတ်တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သျှမ်းပြည်လွှတ်တော်ရုံးက မေ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၀-၂၀၂၁ ဘတ်ဂျက် အတည်ပြုရန် ခေါ်ဆိုခြင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်အသိုင်းအဝိုင်း ပြောဆိုချက်အရ သိရသည်။
“အခုခေါ်တာလည်း Covid-19 အတွက်နဲ့ ၂၀၂၀ – ၂၀၂၁ ဘတ်ဂျက်တွက် အတည်ပြုဖို့ ဆိုပြီးတော့ ခေါ်တာ။ တခြားမေးခွန်းတွေ၊ အဆိုတွေတော့ မပါဘူး။ ဘတ်ဂျက်အတည်ပြုဖို့ပဲ” ဟု သီပေါမြို့နယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားချက်အတိုင်း လွှတ်တော်တွင် တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာ နေရာယူရမည်ဖြစ်ကြောင်း၊ ရိပ်သာတွင်လည်း တစ်ဦးတည်းသီးသန့် တည်းခိုရန် ရှိကြောင်း နန်းစမ်းစမ်းအေးက ပြောသည်။
“ ကျမတို့အနေနဲ့တော့ ဖြစ်နိုင်ရင် မခေါ်သင့်ဘူး။ လွှတ်တော်က အတည်ပြုပြီးမှပဲ ဆက်လက် လုပ်ရမယ့် လုပ်ငန်းစဉ်တွေလည်း ရှိနေတော့ မဖြစ်မနေ ခေါ်ရတဲ့ ပုံစံမျိုး ဖြစ်နေတာပါ“ ဟု နန်းစမ်းစမ်းအေးကပြောသည်။
အထူးအစည်းအဝေးကို ခန့်မှန်းခြေ နှစ်ရက် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။







