ထိုင်း နယ်စပ် မြဝတီဝင်ပေါက်မှ ထိုင်းပြန် မြန်မာလုပ်သား ၅၅ ဦး ထပ်မံ ဝင်ရောက်

ထိုင်း နယ်စပ် မြဝတီဝင်ပေါက်မှ ထိုင်းပြန် မြန်မာလုပ်သား ၅၅ ဦး ထပ်မံ ဝင်ရောက်

နေနော် — ထိုင်း - မြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြဝတီနယ်စပ်ဝင်ပေါက်၊ အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းပြန် မြန်မာလုပ်သား ၅၅ ဦး ထပ်မံဝင်ရောက်လာကြောင်း  မေ ၂ ရက် ညနေ ၅ နာရီထိ စာရင်းအရ သိရသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့အနီးဝန်းကျင်မှ ၂၉ ဦး ၊ မယ်ဟောင်ဆောင်ခရိုင်မှ ၂၁  ဦး နှင့် ဘန်ကောက်မြို့ ဆမွတ်ပရာကန်ခရိုင် ပါနန်းမြို့ရှိ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံမှ ၅ ဦးတို့ဖြစ်ကြသည်။

ပါနန်းမြို့မှ မိသားစု ၅ ဦးနှင့်အတူ ပြန်လည်ရောက်ရှိလာပြီး ကော့ကရိတ်မြို့သို့ အပြန်ခရီးဆက်ရမည့် ဦးအောင်ကိုဦးက“ လမ်းခရီးမှာတော့ စစ်ဆေးမေးမြန်းမှု နှစ်ကြိမ်လောက်ခံ ခဲ့ရပါတယ်။ အဓိက စစ်ဆေးခံရတာက ဝှေ့လယားဦး ဂိတ်မှာပေါ့။ အဓိက အနေနဲ့ ထိုင်းကားသမား ကိုပဲ စစ်ဆေးမေးမြန်းမှုတွေ အတော်ကြာအောင် ပြုလုပ်ပါတယ်။ ဒီလိုပြန်လာရတဲ့ အကြောင်းရင်းက ကျနော်တို့ ကိုင်တဲ့ MoU ပတ်စ်ပို့်က သက်တမ်းလေးနှစ် ပြည့်သွားလို့ ဆက်နေရန် မဖြစ်နိုင် တော့ ယခုလို အရဲစွန့်ပြီး ပြန်လာရခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

၎င်းအပြင် ထိုင်းနိုင်ငံ လက်ရှိ တည်ဆဲဥပဒေကို ချိုးဖောက်မှု နောက်နောင် မပြုလုပ်ရန်နှင့် ပြုလုပ်ပါက  ထောင်ဒဏ် ၂ နှစ် နှင့် ဒဏ်ငွေ ဘတ် ၁ သိန်း ကျခံရမည်ဟု ထိုင်းယာဉ်မောင်းကို ဂိတ်တာဝန်ရှိသူများက သတိပေးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ထိုင်းပြန်များကို မြဝတီ Border Control Facilities (BCF) ဇုန်တွင် ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်နှင့် မြဝတီခရိုင်အုပ်ချုပ်ရေးမှူးတို့ အနီးကပ်ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကရင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြပြီး ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်ရေး အချက်အလက်မှတ်တမ်းယူခြင်းနှင့် ပြည်နယ်နှင့် တိုင်းအလိုက် စာရင်းပြုစုခြင်းများဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

ပြည်တော်ပြန်များမှာ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်များသို့ ပြန်ကြမည့်သူများဖြစ်ကြပြီး ကရင်ပြည်နယ်မှအပ အခြား ပြည်နယ် နှင့် တိုင်းဒေသကြီးမှ သူများကို ကိုယ်စီနေရပ်ရင်းတွင် သွားလာမှုကန့်သတ်၊ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်မှုအစီအစဉ်(Quarantine) ၂၁ ရက်ဝင်ရောက်နိုင်ရန် အစိုးရချင်း ချိတ်ဆက် ပို့ဆောင်ပေးသွားရန် လျာထားကြောင်း တာဝန်ရှိသူများက ပြောသည်။

ထိုင်းနိုင်ငံက Covid-19 အရေးပေါ်ကာလကို မေလ ၃၁ ရက်ထိ တိုးမြှင့်ထားပြီး ညမထွက်ရအမိန့်အပါအဝင် ကန့်သတ်ချက် ၄ ချက် ထုတ်ပြန်ထားသည်။ သို့ဖြစ်ရာ ထိုင်းမှ ပြန်လာလိုသည့် မြန်မာလုပ်သားများ အခက်ကြုံနေပြီး မေလ ၁ရက်နှင့် ၂ ရက်နေ့တို့တွင် ၁၁၅ ဦးသာ ပြန်လည်ရောက်ရှိလာသည်။ ပြန်လာသူအများစုမှာ တာခ့်ခရိုင်နေသူများဖြစ်ပြီး အခြား ဒေသမှ ပြန်လာသူ နည်းပါးကြောင်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...