ထိုင်းပြန် မြန်မာလုပ်သားများကို တစ်ရက်လျှင် လူဦးရေ ၂,၅၀၀ ခန့်သာ အကန့်အသတ်ဖြင့် လက်ခံသွားမည်

ထိုင်းပြန် မြန်မာလုပ်သားများကို တစ်ရက်လျှင် လူဦးရေ ၂,၅၀၀ ခန့်သာ အကန့်အသတ်ဖြင့် လက်ခံသွားမည်

နေနော် — မေလ ပထမပတ်တွင် ထိုင်းမှ မြန်မာနိုင်ငံသို့ နယ်စပ်မြဝတီဝင်ပေါက်ကတဆင့် ပြန်လာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်းတွင် တစ်ရက်လျှင် လူဦးရေ ၂,၅၀၀ ခန့်သာ အကန့်အသတ်ဖြင့် ပြည်ဝင်ခွင့်ပြုသွားမည်ဟု သိရသည်။

၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည့် ဆော့ဖ်ဝဲဖောင်တွင် လိုအပ်သည့် အချက်အလက်များ ဖြည့်သွင်း စာရင်းပေးရန် လိုအပ်ကြောင်း၊ ထိုသို့ စာရင်းပေးသွင်းထားသူများကို လာမည့် မေလ ၁ ရက်မှ ၁၅ ရက်နေ့အထိ တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ ၂,၅၀၀ခန့် ပြည်ဝင်ခွင့် လက်ခံသွားရန် လျာထားကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

“အလုံးအရင်းနဲ့ ပြန်လာကြမယ်ဆိုရင် ဒီဘက်က ပြန်လည်လက်ခံရေးမှာ အခက်အခဲတွေ ရှိလာနိုင်လို့ ခုလို လူဦးရေ အကန့်အသတ်ဖြင့်သာ ပြန်လည်လက်ခံခြင်း ဖြစ်ပါတယ်”ဟု ဦးတေဇာအောင်က ပြောသည်။

ထိုသို့ ပြန်လာသူများကို Border Control Facilities( B.C.F) Zone တွင် Fever Surveillance ပြုလုပ်ခြင်း၊ Health Declaration Form ဖြည့်သွင်းခြင်း၊ Register ပြုလုပ်ခြင်း၊ လက်ဆေးစေခြင်း၊ Mask တပ်ဆင်ခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို သိရှိလိုက်နာစေရန် အသိပညာပေးခြင်းများလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။

ထိုင်းရှိ မြန်မာသံရုံးသို့ ဧပြီ ၂၇ ရက်ထိ စာရင်းပေးထားသူ ဦးရေ ၆,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဦးတေဇာအောင်က ဖြည့်စွက်ပြောသည်

ထိုင်းပြန်မြန်မာလုပ်သားများကို စောင့်ကြည့်ရေးစခန်းများတွင် ၂၁ ရက် ထားရှိမည်ဖြစ်ကာ ၎င်းတို့ ဆက်လက်ထွက်ခွာမည့် တိုင်းနှင့် ပြည်နယ်များသို့ အစိုးရချင်း ချိတ်ဆက် ပို့ဆောင်ပေးသွားမည်ဖြစ်သလို စောင့်ကြည့်ရေးစင်တာ ဖွင့်လှစ်ရန် အခက်အခဲရှိသော တိုင်းနှင့် ပြည်နယ်အချို့သို့ ပြန်မည့်သူများကို နယ်စပ် မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လူဦးရေ ၂၀,၀၀၀ ခန့် ထားရှိနိုင်မည့် စောင့်ကြည့်ရေးစခန်းများကို တိုးချဲ့ဆောင်ရွက်ထားကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် (Covid-19) ဂယက်ကြောင့် နယ်စပ်မြဝတီဝင်ပေါက် ထိုင်း-မြန်မာ အမှတ် ၂ တံတားမှတဆင့် ပြီးခဲ့သည့် မတ်လ ၂၁ ရက်မှ ဧပြီလဆန်းအထိ ထိုင်းပြန်မြန်မာလုပ်သား ၃၆,၀၀၀ ကျော် ပြန်လည်ဝင်ရောက်လာခဲ့ပြီး ဖြစ်သည်။

ယခုအခါ ဒုတိယအကြိမ်အဖြစ် ပြည်ဝင်ခွင့် ပြန်လည်လက်ခံခြင်းဖြစ်ပြီး ပြန်လာလိုသူ ဦးရေ သောင်းနှင့်ချီ ရှိနေကြောင်း ထိုင်းရောက် မြန်မာလုပ်သားအရေးကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...