လက်နက်ကိုင်များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ တိုက်ဖျက်ရေး ကော်မတီကို အစိုးရဖွဲ့စည်း

လက်နက်ကိုင်များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ တိုက်ဖျက်ရေး ကော်မတီကို အစိုးရဖွဲ့စည်း
ကိုဗစ်-၁၉ ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးမှုလုပ်နေသည့် RCSS တပ်ဖွဲ့ဝင်(ပုံ-Tai freedom)
ကိုဗစ်-၁၉ ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးမှုလုပ်နေသည့် RCSS တပ်ဖွဲ့ဝင်(ပုံ-Tai freedom)

အုပ်မှူးဇော် — တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာ ဒေသများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းကော်မတီ ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဧပြီ ၂၇ ရက်စွဲဖြင့် ထုတ်ပြန် ခဲ့သည်။

အဆိုပါ ကော်မတီသည် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉) ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ သတင်း အချက်အလက်များ ဖလှယ်ခြင်း၊ နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာသူများအား စစ်ဆေးခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလူနာ တွေ့ ရှိပါက သတင်း အချက်အလက်များ ဖလှယ်ခြင်း၊ ညွှန်းပို့ကုသခြင်း၊ သံသယလူနာနှင့် ထိတွေ့မှုရှိသူများအား ရှာဖွေ ဖော် ထုတ်ခြင်း၊ ရောဂါလက္ခဏာ ပြသူများအား စောင့်ကြပ်ကြည့်ရှု ကုသမှုပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း၊ ကျန်းမာရေး ဆိုင် ရာ အကြံပြုချက်များနှင့်အညီ လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း  စသည့် အချက် များတွင် လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအဖွဲ့အစည်း များပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဟန်ချက်ညီ ဖြစ်စေရေး နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်နယ်အစိုးရများအကြား ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ထိန်းချုပ်ကုသရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ပေးခြင်း တို့ကိုလည်း ပူးပေါင်းဆောင်ရွက်မည်ဟု ဖော်ပြထားသည်။

ထို့နောက် “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာ ဒေသများတွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ် ဆောင်ရွက်ရန်ကိစ္စများ ပေါ်ပေါက်လာပါက အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)၏ လမ်းညွှန်ချက်နှင့်အညီ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်းတို့ ဖြစ်သည်”ဟု သမ္မတ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီ(NMSP)မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးကတော့ ယခု ဖွဲ့စည်းလိုက်သည့် ကော် မတီသည် နိုင်ငံတော်နှင့်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအတွက် အများကြီး အကျိုးသက်ရောက်မှု ရှိကြောင်း၊ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများ အနေနှင့်လည်း ထိုရောဂါနှင့်ပတ်သက်၍ ထိန်းချုပ် ကန့်သတ်မှုများတွင် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရောဂါ ပြီးသွားခဲ့ပါက သို့မဟုတ် လျှော့နည်းသွား ပြီးဆိုပါက မည်ကဲ့သို့ စောင့်ကြပ်ကြည့် ရှု ရမည်ကိုလည်း အသေးစိတ် အစိုးရဖြင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဆိုသည်။

“ဒီကိစ္စက တစ်ဖွဲ့ချင်း လုပ်လို့လည်း မလွယ်ဘူး။ ပူးပေါင်း ဆောင်ရွက်ရတဲ့ဟာဆိုတော့ ဒီလိုလုပ်လိုက်တော့ ပိုပြီးတော့ စည်းလုံးမှု ရှိတာပေါ့”ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA) ထိန်းချုပ် နယ်မြေထဲမှာ RCSS/SSA မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လူထု အသိပညာပေးခြင်း နှင့် ကျန်းမာရေး ဝန်ဆောင်မှုများပေးခြင်း၊ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့ရာ တပ်မတော်က မယူကြရန်နှင့် လက်ခံရ ယူပါက ဖမ်းဆီး အရေးယူမည်ဟု ပြောသံများ ရှိခဲ့ကြောင်း RCSS/SSA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ် ခေးက ပြောသည်။

ထို့နောက်  လက်ရှိတွင် တပ်မတော်နှင့် ပြန်လည် ပြေလည်သွားပြီး ဖြစ်ကြောင်း၊ ယခု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့်ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မည့် ကော်မတီ ဖွဲ့စည်းခြင်း ကလည်း ကောင်းမွန်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စားနပ်ရိက္ခာထောက်ပံ့ပေးရန် လိုအပ်ကြောင်း၊ မိမိတို့ အဖွဲ့ အစည်း အနေဖြင့်လည်း အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

RCSS/SSA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေး က “ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေက လူအင်အားနဲ့ လုံခြုံရေးအင်အားကို အဓိကပါဝင် ဆောင်ရွက်မှာ ပေါ့။ ပြီးတော့ စားဝတ်နေရေး (စားဝတ်နေရေး ဆိုတာက ဆန်၊ ဆီ၊ စား)၊ ကိုဗစ်ရောဂါ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ပစ္စည်း တွေ၊ စမ်းသပ်တဲ့ ပစ္စည်းကိရိယာတွေကို ထောက်ပံ့ပေးဖို့လို အပ်ပါတယ်”ဟု ပြောသည်။

အစိုးရမှဖွဲ့စည်းပေးလိုက်သောကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ညှိနှိုင်းပူးပေါင်းကော်မတီသည်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များဖြင့်သာ ပူးပေါင်းဆောင်ရွက်မည်လား သို့မဟုတ် NCA မထိုးရသေးသည့် အဖွဲ့ များ ဖြင့်ပါ ပူးပေါင်းဆောင်ရွက်မည်လားဆိုသည့်ကိုတော့မသိရပေ။

လက်ရှိ ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ ပိုင်နက် နယ်မြေအတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ် မထားရေး မူဝါဒ (No one left behind Policy)ဖြင့် အလှူရှင်များ၊ စေတနာ့ ဝန်ထမ်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း ဧပြီ ၂၇ ရက်စွဲဖြင့် ကော်မတီဖွဲ့စည်းရေး ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းကော်မတီတွင်ဥက္ကဋ္ဌအဖြစ်ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)၊ အတွင်း ရေးမှူးအဖြစ်  ဦးလှမော်ဦး၊ အဖွဲ့ဝင်အဖြစ် ဦးမိုးဇော်ဦးတို့က အသီးသီး တာဝန်ယူကြမည်ဖြစ်သည်။

အဆိုပါ ကော်မတီဝင် လေးဦးသည် အစိုးရမှ ဖွဲ့စည်းပေးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးမှုများ ပြုလုပ်သည့် ငြိမ်းချမ်းရေးကော်မရှင်(PC)မှတွင် တာဝန်အသီးသီး ယူထားသူ များလည်း ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ဧပြီ ၂၇ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ ၁၄၆ ဦးရှိပြီး ရောဂါသက်သာသူ ၁၆ ဦးရှိသလို သေဆုံးသူ ငါးဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Most read this week

March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...
February 22, 2024
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်တွင် ယမန်နေ့ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း...
February 21, 2024
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်စခန်းတခုသာရှိတော့ပြီး မြို့ကိုဝိုင်းထား ကြောင်း...