ကိုဗစ်ကို တွန်းလှန်နေချိန် တိုက်ပွဲ ရပ်ထားရန် သျှမ်းနီ စာပေအသင်း မေတ္တာရပ်ခံ

ကိုဗစ်ကို တွန်းလှန်နေချိန် တိုက်ပွဲ ရပ်ထားရန် သျှမ်းနီ စာပေအသင်း မေတ္တာရပ်ခံ

စိုးသူအောင် — ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် COVID-19ရောဂါကို တွန်းလှန်နေချိန်ဖြစ်သောကြောင့် တိုက်ပွဲများရပ်ထားရန် တပ်မတော်နှင့် ရှမ်းနီအမျိုးသားတပ်ဖွဲ့(SNA) တို့ကိုသျှမ်းနီစာပေအသင်းကဧပြီ၂၆ရက်နေ့ကမေတ္တာရပ်ခံလိုက်သည်။

ယခုလိုအချိန်တွင် စစ်ရေးပြဿနာများဆက်လက်ဖြစ်ပွားနေမည်ဆိုပါက ပြည်သူလူထုအနေဖြင့် တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို စိုးရိမ်သောကများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်းလည်း မိုးညှင်းမြို့နယ်အခြေစိုက် တိုင်းလျှမ်(သျှမ်းနီ) တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီက  ထုတ်ပြန်ထားသည်။

“ ဖြစ်နိုင်ရင်တော့ တစ်တိုင်းပြည်လုံးရပ်ရင်ပိုကောင်းတာပေါ့။ ဒီဟာကတော့ ချောင်းကြီးဒေသမှာဖြစ်တဲ့ စစ်ရေးပက်သက်မှုကိစ္စနဲ့ ကျွန်တော်တို့က အဓိကထားရည်ရွယ်ပြီးထုတ်လိုက်တာပါ။ ကျွန်တော်တို့ရဲ့ မေတ္တာရပ်ခံချက်” ဟု သျှမ်းနီစာပေအသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် စိုင်းချစ်ငွေက ပြောသည်။

သုံးနှစ်နီးပါးကြာသည့်တိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသော ရှမ်းနီလက်နက်ကိုင်တပ်နှင့် တပ်မတော်တို့ လွန်ခဲ့သည့် ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ချင်းတွင်းမြစ်အထက်ပိုင်း၊ဟုမ္မလင်းမြို့နယ်တွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ တပ်မတော်ဘက်က SNA လှုပ်ရှားနယ်မြေအတွင်းသို့ ဝင်ရောက် နေရာယူခြင်းကြောင့် ဖြစ်ကြောင်း SNA ဘက်က မဇ္ဈိမသို့ဖုန်းဖြင့် ဖြေဆိုခဲ့ဖူးသည်။

တပ်မတော်ဘက်ကမူ နယ်မြေစိုးမိုးရေးဆောင်ရွက်နေစဉ် SNA အဖွဲ့ တည်ဆောက်ထားသည့် ယာယီတဲများ၊ သင်တန်းကျောင်းနှင့် စခန်းပုန်းအချို့ကိုတွေ့ရှိခဲ့ပြီးနောက် ယင်းစခန်းများကို ဝင်ရောက်ရှင်းလင်းစဉ်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း    ပြောဆိုဖူးသည်။

ထို့ကြောင့် အစိုးရတပ်နှင့် SNA တို့အနေဖြင့် စစ်ရေးအရမဖြေရှင်းဘဲ နိုင်ငံရေးအရငြိမ်းချမ်းစွာဖြေရှင်းကြရန်နှင့် COVID-19 ကိုဖြေရှင်းသည့်နေရာတွင် လက်တွဲကူညီကြဖို့ရန်ကိုလည်း သျှမ်းနီစာပေအသင်းမေတ္တာရပ်ခံလိုက်သည်။

တပ်မတော်နှင့် SNA ကြားတွင် ၂၀၁၆ ခုနှစ်၊ဇန်နဝါ ရီ  ၁၁ ရက်က အိန္ဒိယနယ်စပ်တွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၅ ရက်က ဟုမ္မလင်းမြို့နယ်၊ နမ့်စပေါကျေးရွာအနီးတွင် တစ်ကြိမ် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးသည်။

ရှမ်းနီတပ်ဖွဲ့(SNA)သည် ၁၉၈၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော ရှမ်းနီလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး တပ်မတော်နှင့် ထိတွေ့မှုနည်းပါးသော တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့လည်းဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...