ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ဆောင်ရွက်နေပြီး အခြားမြို့ နယ်များတွင် ဆက်လက်လုပ်ဆောင်ရန်အတွက် ငွေကြေးအခက်အခဲရှိနေသည်ဟု ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)ထံက သိရသည်။
မတ်လ ၂၇ ရက်နေ့က စတင်ကာ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ စစ်တွေ စသည့်မြို့နယ်များမှာ ကိုရိုနာဗိုင်း ရပ်စ်နှင့်ပတ်သက်ပြီး အသိပညာပေးခြင်း၊ Mask ၊ ဆပ်ပြာများ၊ လက်သန့်ဆေးရည် ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်နေသည်ဟု ALP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောမြရာဇာလင်းက ဆိုသည်။
“လုပ်ချင်တာကတော့ တစ်ပြည်လုံးကို လုပ်ချင်ပါတယ်။ ဒါပေမဲ့ ရန်ပုံငွေ အခက်ခဲတွေကြောင့် မလုပ်နိုင်သေးဘူး။ အခုလည်း ရန်ပုံငွေ အခက်ခဲရှိတယ်။ အလုပ်တစ်ခုလုပ်ဖို့ဆိုလိုရှိရင် ရန်ပုံတွေက တကယ်ကို အခက်အခဲရှိနေပါတယ်” ဟု ၎င်းကပြောသည်။
အခြားမြို့နယ်များတွင်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေရှာဖွေ ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်ဟု ALP ထိပ်ပိုင်းခေါင်းဆောင်က ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စစ်ပွဲများရပ်တန့်ရန်လိုအပ်သလို စားဝတ်နေရေး အခက်အခဲဖြစ်နေသည့် စစ်ဘေးရှောင်များအတွက်လည်း အကူအညီပေးရန် လိုအပ်သည်ဟု စောမြရာဇာ လင်းက ပြောသည်။
“စစ်ဘေး စစ်ဒဏ်တွေနဲ့ များနေတဲ့အချိန်မှာ ကိုရိုနာရောဂါကို ကြောက်ရမှာလား ၊ စစ်ကိုကြောက်ရမလား။ ကိုယ့်အသက်ကို လုနေရတဲ့ အနေအထားမှာဖြစ်နေပါတယ်။ ဒီလိုကာလမှာ စစ်ဘေးရှောင်စခန်းတွေမှာ ပူပန် သောကနဲ့ နေရတဲ့အခြေအနေဖြစ်ပါတယ်။ စားဝတ်နေရေးအခက်အခဲတွေနဲ့ တစ်ချို့စစ်ဘေး ရှောင် စခန်းတွေမှာဆိုရင် လက်ဆေးဖို့ရေတောင် မရနိုင်တဲ့အခြေအနေတွေ ရှိတယ်။ သောက်ရေလည်း မရှိဘူး”ဟု ၎င်းက ဆိုသည်။
တိုက်ပွဲများဖြစ်ပွားနေသည့် မြို့နယ်များကို အစိုးရက လုံခြုံရေးစိုးရိမ်ရသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ကူညီရေးအဖွဲ့အစည်းများကို သွားရောက်ခွင့် ပိတ်ပင်ထားမှုရှိသည်။ ကမ္ဘာ့အနှံ့အပြားတွင် ကိုရိုနာဗိုင်း ရပ်စ်ဖြစ်ပွားနေသည့်ကာလတွင် ထိုသို့ပိတ်ပင်ထားခြင်းမရှိဘဲ လွတ်လပ်စွာသွားရောက်ကူညီခွင့် ပေးသင့်သည်ဟု ALP က အကြံပြုသည်။







