မူဆယ်တွင် ပြည်သူ့စစ်ပိုင် အဆောက်အဦးတစ်ခု တိုက်ခိုက်ခံရ

မူဆယ်တွင် ပြည်သူ့စစ်ပိုင် အဆောက်အဦးတစ်ခု တိုက်ခိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ ပန်းဆေး ပြည်သူ့စစ်ပိုင် အဆောက်အဦးကို ဧပြီ ၂၃ ရက် ည ၇နာရီခွဲတွင်  တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

စွမ်စော်ရပ်ကွက်ရှိ အဆိုပါအဆောက်အဦးထဲသို့ အမည်မသိ လက်နက်ကိုင်အဖွဲ့ ဝင်ရောက်လာကာ ပစ်ခတ်သွားကြောင်း၊ ဝင်းထဲသို့ ဗုံးသီးဟု ယူဆရသည့် လက်နက် ၅လုံး ကျကြောင်း မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“လူထိခိုက်မှုကတော့ မရှိဘူး။ ဒါပေမယ့် ပန်းဆေးပြည်သူ့စစ်ဝင်းထဲမှာ ၅ လုံးကျသွားတယ်။ ဗုံးလို့ ယူဆရတယ်။အခု သက်ဆိုင်တဲ့ တပ်နဲ့ ရဲကတော့ သွား ရှင်းနေပါပြီ” ဟု ဦးသူရိန်က ပြောသည်။

မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်သည်ကို သက်ဆိုင်ရာက စုံစမ်းနေဆဲ ဖြစ်ကြောင်း ဦးသူရိန်က ပြောသည်။

“မနေ့(ဧပြီ ၂၃)က ကားနဲ့ လာပြီး ပစ်သွားတာ။ အရပ်ဝတ်နဲ့ လာတယ်။ ဘယ်သူ ဆိုတာတော့ မသိသေးဘူး။ တရုတ်ပြည် ကျယ်ဂေါင်ဘက်က တရုတ်စာသင်ကျောင်းဘက်ကိုတော့ ကျည်တစ်လုံး ကျတယ်” ဟု မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်းက ပြောသည်။

COVID-19 ကာလဖြစ်သဖြင့် ပြည်သူများ အိမ်ပြင် သိပ် မထွက်ကြသဖြင့် လူထိခိုက်မှု မရှိကြောင်း၊ ယင်းနေရာမှာ အပြင်လူ သွားလာရန် ခက်ခဲကြောင်း စိုင်းကျော်သိန်းက ထပ်လောင်း ပြောသည်။

“အဲဒီနေရာက ကျနော်တို့ ဝင်ဖို့ ခက်တဲ့နေရာပါ။ လူထိခိုက်မှုတော့ မရှိဘူး။ ဒါပေမဲ့ အဆောက်အဦးထဲမှာ ဘာတွေရှိလဲ ဆိုတာ ကျနော်တို့ ဝင်ခွင့်မရတော့ သေချာ မသိဘူး” ဟု စိုင်းကျော်သိန်းက ပြောပြသည်။

မကြာသေးမီ ဧပြီ ၁၂ရက် ည ၁၀နာရီ ခွဲကျော်ကလည်း မူဆယ်မြို့ ဆက်သွယ်ရေးရုံးအနီး လက်လုပ်မိုင်း ၂ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးကြောင်းသိရသည်။

“မူဆယ်က ဖြစ်နေကျဆိုတော့ ပြည်သူတွေအနေနဲ့ စိုးရိမ်လွန်တာလည်း ဘာမှ မထူးဘူးဆိုတဲ့ အနေအထားဖြစ်နေတယ်။ လက်ရှိမှာ ကိုဗစ်-၁၉ ကာလလည်း ဖြစ်တော့ အဆင်ပြေအောင် နေထိုင်နေရတဲ့အချိန်လည်း ဖြစ်ပါတယ်”ဟု စိုင်းကျော်သိန်းက ဆိုသည်။

မူဆယ်မြို့တွင် အများအားဖြင့် အစိုးရ အဆောက်အဦးများ၊ ပြည်သူ့စစ်ပိုင် အဆောက်အဦးများကိုသာ မိုင်းခွဲခံရကြောင်း၊ ရပ်ကွက် လူနေအိမ်တွင် မိုင်းပေါက်ကွဲမှု တကြိမ်တခါမျှ မရှိကြောင်း ဒေသခံများက ပြောသည်။

“မိုင်းတွေ ပေါက်ကွဲတာဖြစ်ရင် ရပ်ကွက်နေအိမ် မဖြစ်ဖူးဘူး။ အဓိက အစိုးရ အဆောက်အဦးတွေ ပြည်သူ့စစ်တွေ နေတဲ့နေရာပဲ။ ဒါကြောင့် သူတို့ အချင်းချင်းကြားမှာ ဖြစ်တဲ့ကိစ္စပဲလို့ ထင်တယ်” ဟု မူဆယ်ဒေသခံ စိုင်းမောင်က ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် တပ်နှင့် ရဲကလည်း မူဆယ်မြို့ လုံခြုံရေးအင်အား ထပ်မံတိုးမြှင့်ထားကြောင်း သက်ဆိုင်ရာက ပြောပြသည်။

ယခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းတွင် အစိုးရ တပ်မတော်က မူဆယ်မြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့စစ်များကို ခေါ်ယူ ကာ တပ်မတော် ချမှတ်ထားပေးသည့် နေရာသို့ ပြန်သွားကြရန်၊ မြို့မပြည်သူ့စစ်မှလွဲ၍ ကျန်ပြည်သူ့စစ်များ တပ်ပြင်ပ လက်နက်ခဲယမ်း ကိုင်ဆောင်သွားလာခြင်း မပြုရန် ပြောကြားခဲ့သည်။

ထို့ပြင် မူဆယ်မြို့တွင် ဖွင့်လှစ်ထားသည့် တရားမဝင် ဂိမ်းဆိုင်များ၊ လောင်းကစားရုံများလည်း ပိတ်ရန် ပြောဆိုခဲ့သေးသည်။

<><><>

ဓာတ်ပုံ - မူဆယ် ဒေသခံတစ်ဦး

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...