နန်းဆိုင်ဖူး — သျှမ်းပြည်နယ်ဝန်ကြီးချုပ်၏ သျှမ်းပြည်အရှေ့ပိုင်းခရီးစဉ်၌ အတူလိုက်ပါခဲ့သူ အမျိုးသား ၂ဦး၏ ဓာတ်ခွဲခန်း ရလဒ်အဖြေမှာ ပိုးမတွေ့ (Negative) ဖြစ်ကြောင်း သိရသည်။
၎င်းတို့မှာ သျှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၏ ယာဉ်မောင်းနှင့် သျှမ်းပြည်နယ် ရဲမှူးချုပ်၏ ကိုယ်ရေးအရာရှိ (PSO ) တို့ ဖြစ်သည်။
ထိုခရီးစဉ်တွင် သျှမ်းပြည်ဝန်ကြီးချုပ်နှင့်အတူ ဝန်ကြီး ၄ဦး၊ သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌနှင့် သျှမ်းပြည် ရဲမှူးချုပ်တို့ လိုက်ပါခဲ့သည်။
“ဒီမနက်မှ ၂ ယောက်စလုံး အဖြေ သိရတယ်။ Negative ဖြစ်တယ်တဲ့။ ခုတော့ ဝန်ကြီးချုပ်နဲ့အပါ ဝန်ကြီးတွေအားလုံး ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီးတော့ နေထိုင်သွားမယ်။ အခု ဆရာဝန်တွေရဲ့ လမ်းညွှန်မှုကို စောင့်နေပါတယ်”ဟု သျှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော် က သျှမ်းသံတော်ဆင့်ကို ပြောသည်။
ဓာတ်ခွဲခန်းအဖြေ စောင့်ချိန်ကာလတွင် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နှင့် ရဲမှူးချုပ်တို့ သီးခြားနေထိုင် ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်ခံလျက် Social Distancing ဖြင့် နေထိုင်ထားခြင်းဖြစ်ကြောင်း သျှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းကပြောသည်။
ကျိုင်းတုံခရီးစဉ်တွင် လိုက်ပါခဲ့သူ ယာဉ်မောင်းနှင့် ကိုယ်ရေးအရာရှိ(PSO)တို့ ကိုယ်အပူချိန် မြင့်မားလာရာ ကျိုင်းတုံ ပြည်သူ့ဆေးရုံတွင် ထားခဲ့ပြီး ဓါတ်ခွဲနမူနာကို ရန်ကုန်အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့သည်။







