ထိုင်းနိုင်ငံမှ ဒုတိယအသုတ် ထပ်မံဝင်ရောက်လာရန်ရှိသည့် နေရပ်ပြန်များအပေါ် ကရင်ပြည်နယ်သူပြည်နယ်သားများအနေဖြင့် စိုးရိမ်ကြောက်ရွံ့မှု မလွန်ကဲဘဲ နွေးထွေးမှုဖြင့် ဝိုင်းဝန်းကူညီပေးကြရန် ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က တိုက်တွန်းပြောကြားလိုက်သည်။
မြန်မာ-ထိုင်းနယ်စပ် ခရီးသွားလာမှုကို ဧပြီလကုန်အထိ ပိတ်ထားရာမှ မေလဆန်းတွင် ပြန်လည်ဖွင့်လှစ်နိုင်သည့်အတွက် ထပ်မံရောက်ရှိလာမည့် နေရပ်ပြန်များကိစ္စ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်က ဧပြီ ၂၁ ရက်တွင် ပြောသည်။
ဝန်ကြီးချုပ်က“ ထောင်ချီရှိတဲ့သူတွေကို ကျမတို့ Quarantine ထားရတာ အင်မတန်မှ အန္တရာယ်များပါတယ်။ နေ့တိုင်းလည်း စိတ်ပူနေရတယ်။ ဒီတစ်သုတ် ထွက်သွားလို့ ရင်ထဲမှာ ပေါ့သွားပေမဲ့ နောက်လာမယ့် အဖွဲ့ကို ကျမတို့ ကြိုပြီး စိတ်ပူနေရတယ်။ ပိုပြီးတော့လည်း အန္တရာယ်ကြီးတယ်။ တစ်ခုခုဖြစ်လို့ Lock down လုပ်လိုက်တယ်ဆိုရင် ကျမတို့ ကရင်ပြည်နယ်ထဲမှာ အဲလောက်အင်အားကို ကျမတို့ ကရင်ပြည်နယ်က လူတွေက ဝိုင်းဝန်းပံ့ပိုးနိုင်ရဲ့လားပေါ့။ အဲဒီတော့ ကျမပြောချင်တာက ဘာမှမကြောက်ပါနဲ့။ ဒါကြောင့် အခု ပြန်လာမယ့် သူတွေကို နွေးနွေးထွေးထွေးနဲ့ ဝိုင်းဝန်းကူညီပေးပါလို့ ကျမပြောချင်ပါတယ်”ဟု ဆိုသည်။
လက်ရှိတွင် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကရင်ပြည်နယ်ရှိ Facility Quarantine Center များတွင် ထားရှိပြီး ကျန်းမာရေးစောင့်ကြည့်မှု သတ်မှတ်ရက်ပြည့်မြောက်သည့် ပြည်တော်ပြန် ၁,၁၀၀ ကျော်ကို ဧပြီ ၂၁ ရက်တွင် နေရပ်အသီးသီး ပြန်လည်ပို့ဆောင်ပေးပြီးဖြစ်သည်။ အများစုမှာ ထိုင်းမှ ပြန်လာသူများဖြစ်ပြီး မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ရှမ်း၊ မွန်၊ နေပြည်တော်၊ မကွေး၊ ပဲခူးနှင့် တနင်္သာရီစသည့်ဒေသများမှဖြစ်သည်ဟု သိရသည်။
ကရင်ပြည်နယ် အစိုးရ၏ စီမံဆောင်ရွက်မှုများဖြင့် ကျန်းမာရေးစောင့်ကြည့်မှုခံယူခဲ့သူ ဦးရေမှာ Facility Quarantine Center များတွင် ၁,၉၀၀ ကျော်နှင့် ရပ်ရွာအတွင်း Community Quarantineတွင် ၁,၅၀၀ ကျော်၊ ပေါင်း ၃,၅၀၀ ကျော် ရှိသည်ဟု သိရသည်။







