ကချင်ပြည်နယ်တွင် ကိုဗစ် - ၁၉ ထိန်းချုပ်ရေး စေတနာ့ဝန်ထမ်းများအတွက် ရောဂါကာကွယ်ရေးဝတ်စုံများ၊ပစ္စည်းများ လိုအပ်နေ

ကချင်ပြည်နယ်တွင် ကိုဗစ် - ၁၉ ထိန်းချုပ်ရေး စေတနာ့ဝန်ထမ်းများအတွက် ရောဂါကာကွယ်ရေးဝတ်စုံများ၊ပစ္စည်းများ လိုအပ်နေ
မြစ်ကြီးနား စီတာပူ ကုန်တင်ကုန်ချစခန်း
မြစ်ကြီးနား စီတာပူ ကုန်တင်ကုန်ချစခန်း

တရုတ်နိုင်ငံမှ ပြည်တော်ပြန်များကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ကုန်တင်ကုန်ချစခန်းတွင် ကူညီပေးနေသော လုပ်အားပေး စေတနာ့ဝန်ထမ်း Volunteer အဖွဲ့များအတွက် ရောဂါကာကွယ်ရေး ပစ္စည်းများ ထပ်မံ လိုအပ်နေသည်ဟု သိရသည်။

တရုတ်နယ်စပ် လွယ်ဂျယ်ဂိတ်ကတဆင့် ဧပြီ ၁၆ရက်ကစ ပြန်လည်ဝင်ရောက်လာကြသူ ပြည်တော်ပြန်များကို ပြည်နယ်အစိုးရအစီအစဉ်ဖြင့် မြစ်ကြီးနား ကုန်တင်ကုန်ချစခန်းတွင် ယာယီထားရှိကာ ကျန်မြို့နယ်များကို သက်ဆိုင်ရာမှတဆင့် အသီးသီး လွှဲပြောင်းပေးနေသည်။

Kachin State Covid-19 Prevention Network မှ မဆိုင်းနူးပန်က “အစိုးရနဲ့ တွဲဖက် လုပ်ကိုင်နေတယ်ဆိုရင်လည်း အခုထိ အစိုးရဘက်က အစားအသောက်ကအစ ပြင်ဆင်ပေးတာ မရှိသေးဘူး။ ပြီးရင် အသုံးအဆောင်ပစ္စည်းတွေလည်း လိုအပ်နေတယ်။ ပိုပြီး ခက်ခဲတာက ပိုးသတ်ဆေးဖျန်းတဲ့ အချိန် ဝတ်ဖို့ PPE ဝတ်စုံဆိုရင် ၅စုံပဲ ရှိတယ်။ အမှန်ဆိုရင်တော့ တစ်ခါ သုံးပြီးရင် နောက်တစ်ခေါက် ပြန်သုံးလို့ မရတော့တာ ဖြစ်တယ်။ ဒါပေမယ့် မတတ်နိုင်လို့ လျှော်ပြီး ပြန်သုံးရတယ်။ အသုံးအဆောင်ပစ္စည်းတွေက အစိုးရအနေနဲ့ တတ်နိုင်သမျှ လုံလုံလောက်လောက် ပေးသင့်တယ်” ဟု ပြောသည်။

ထို့အပြင် အဆိုပါ ကုန်တင်ကုန်ချစခန်းတွင် ကျန်းမာရေးဝန်ထမ်း ဆရာဝန်များ ထားရှိကာ စစ်ဆေးမှု လုပ်ဆောင်သင့်ကြောင်း ထပ်မံ ပြောသည်။

လက်ရှိ ထိုနေရာတွင် ကချင်အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းထားသည့် Kachin State Covid-19 Prevention Network လုပ်အားပေးအဖွဲ့၊  ပြည်နယ် ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းသည့် တက္ကသိုလ်ကျောင်းသားလူငယ်များအဖွဲ့ စသည့် လုပ်အားပေးအဖွဲ့ ၂ဖွဲ့က အဓိက ကူညီဆောင်ရွက်ပေးနေသည်။

“ကျနော်တို့ ပြောချင်တာက လုပ်တဲ့ အလုပ်ကို ထိရောက်မှု ရှိစေချင်တယ်။ ပြည်တော်ပြန်တွေကို ပို့ပေးတဲ့ ကားတွေကို ယာဉ်တန်းတစ်ခုတည်းဖြင့် ပြန်လာစေချင်တယ်။ ပြီးရင် ဒီမှာ ရောက်လာတဲ့ ကားတွေကို ကြည့်လိုက်ရင် အကြာကြီး စောင့်နေမှ တစ်စီးချင်းစီပဲ ဝင်လာတယ်။ ခရီးသည်တွေကလည်း ၃ပေအကွာ မဟုတ်ဘဲ ပြွတ်သိပ်ပြီး စီးလာကြတယ်။ ခရီးကားတစ်စီးမှာ ဘယ်လောက် စီးရမယ်ဆိုတာကို ကန့်သတ်စေချင်တယ်။ ကားတွေကိုလည်း လုံလောက်မှု ရှိအောင် လုပ်ပေးစေချင်တယ်။ နောက်ပြီး ယာဉ်တန်းတစ်ခုတည်း မလာတဲ့အတွက် ကျနော်တို့ Volunteer တွေအတွက်လည်း အင်မတန်မှ ခက်ခဲပါတယ်” ဟု ကိုယ်တိုင်ပါဝင် ကူညီဆောင်ရွက်ပေးနေသူ၊ တက္ကသိုလ်ကျောင်းသားအဖွဲ့ဝင်ကိုမျိုးထက်နိုင်လင်းက ပြောသည်။

လွယ်ဂျယ်နယ်စပ်ဂိတ်မှ ဝင်ခာသည့် ပြည်တော်ပြန် ဦးရေမှာ ဧပြီ ၂၁ အထိ ၁၃၀၀ကျော်ခန့် ရှိနေပြီဖြစ်ကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းထံမှ သိရသည်။

May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...
May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...