Nang Seng Nom — မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် သင်္ကြန်ကာလအတွင်း ပြည်သူများ နေအိမ်တွင် နေထိုင်ရန် အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ကျပ်ငွေ ၂သောင်းနှင့်ညီမျှသည့် ဆန်၊ဆီ၊ဆား၊ပဲ များကို အခြေခံလူတန်းစားများအား မြန်မာပြည်အနှံ့တွင် ကူညီထောက်ပံ့ခဲ့သည်။
ယင်း ထောက်ပံ့မှုကို သျှမ်းပြည်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၁ သိန်း ကျော် ရရှိခဲ့သော်လည်း ဝေငှသည့် နေရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း ဝေဖန်ပြောဆိုမှု အများအပြား ရှိခဲ့သည်။
ထောက်ပံ့ရာတွင် သျှမ်းပြည်မြို့ပေါ်တွင်သာ အများဆုံးရရှိပြီး ကျေးရွာနေပြည်သူများမှာမူ ထောက်ပံ့ပစ္စည်းမရကြောင်း သျှမ်းမြောက်ပြည်သူများက ဆိုကြသည်။
“ကျေးရွာဘက်မှာ ရှိတဲ့ အခြေခံလူတန်းစားတွေ မရကြဘူး။ မြို့ ပေါ် က လူပဲရတယ်။ မြို့ပေါ် တချို့ ငွေရှိတဲ့သူတောင် ရတယ်” ဟု သျှမ်းမြောက် COVID-19 prevention volunteer team မှ စိုင်းဟန်က ပြောသည်။
လားရှိုးမြို့ပေါ်တွင် အစိုးရ ထောက်ပံ့သည့် ပစ္စည်းများ ပေးဝေခဲ့သော်လည်း မြို့နှင့် အလှမ်းဝေးရာ ကျေးရွာများကမူ ထောက်ပံ့မှု တစုံတရာ မရကြောင်း စိုင်းဟန်က ပြောပြသည်။
“မြို့က အရမ်းဝေးတဲ့နေရာ မိုင်းယော်အထက် ၊ နမ့်ပေါင်တလျှောက်တွေဆိုရင် ဘယ်လိုမှ မရောက်နိုင်ဘူး။ လားရှိုးအတွင်း ရပ်ကွက်ထဲပေးတာတောင် တချို့က ကားနဲ့ လာယူတာ၊ တချို့က ဆိုင်ကယ်နဲ့ လာတန်းစီတာတွေ ရှိတယ်”ဟု စိုင်းဟန်က ဆိုသည်။

မူဆယ် တောင်ရပ်ကွက် အခြေခံ လူတန်းစားများကို ပစ္စည်းဝေးပေးနေသည့်ပုံ
အခြေခံလူတန်းစားကို အစိုးရက ထောက်ပံ့သည့် ပစ္စည်းများ အချို့သော ကျေးရွာများဆီ မရောက်သည့် ကိစ္စ သက်ဆိုင်ရာက သေသေချာချာ စိစစ်ပေးဖို့ လိုအပ်ကြောင်းလည်း ထောက်ပြပြောဆိုချက်များ ရှိသည်။။
ထောက်ပံ့ပစ္စည်းများကို အိမ်ထောင်စုအလိုက် ဝေငှသည့်အတွက် အချို့သော အိမ်ထောင်စုများမှာ အခြားရပ်ကွက်တွင် အမည်ပေါက်သော်လည်း ရပ်ကွက်ပြောင်းရွှေ့ နေထိုင်မှုကြောင့် မရခဲ့သည့် အိမ်ထောင်စု များစွာ ရှိခဲ့ကြောင်း သိရသည်။
“အစိုးရက အိမ်ထောင်စုစာရင်းအလိုက် ပေးတယ်။ တချို့ က ဒီ ရပ်ကွက်မှာ အိမ်ထောင်စုစာရင်းမရှိဘူး။ ဒါပေမယ့် သူက တကယ် ဆင်းရဲတယ်။ စားစရာမရှိဘူးဆိုတဲ့သူတွေ မရတာရှိတယ်။ ရပ်ကျေးတွေအနေနဲ့သေချာစိစစ်ပေးဖို့လိုပါတယ်” ဟု သီပေါမြို့ ဒေသခံ မွေလျန်းက ပြောသည်။
ထောက်ပံ့စားသောက်ကုန်ပစ္စည်းများဝေငှရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ/အုပ်စုအုပ်ချုပ်ရေးမှူးများက စာရင်း ပြုစုပေးရကြောင်း သိရသည်။
“အခု အခြေခံလူတန်းစားတွေကို လိုက်ဝေပေးတာက အုပ်ချုပ်ရေးမှူးပိုင်းကပါ။ စာရင်းလည်း သူတို့လုပ်ရတယ်။ ကိုယ့်ဒေသ ဘယ်အိမ် က ဘာဆိုတာ သူတို့သိကြသလို ဒါပေမယ့် အိမ်ထောင်စု စာရင်းမရှိရင်တော့ အစိုးရ ထောက်ပံ့မှု မရဘူး” ဟု မွေလျန်းကဆိုသည်။
အစိုးရသတ်မှတ်ထားချက်တွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားဆိုသည်မှာ ပျံကျဈေးသည်၊ အနှေးယာဉ်လုပ်သား၊ ကျဘန်းလုပ်သား (ပန်းရံ၊ လက်သမား၊ ကုန်ထမ်း)၊ ရေလုပ်သား(တံငါ)၊ သဗ္ဗာန်/ကုတို့သမား၊ အလုပ်ကြမ်းသမား၊ပျိုးနုတ်၊ ကောက်စိုက်၊ခြံလုပ်သားများ ဖြစ်ကြသည်။
သျှမ်းပြည်အတွင်း ကျေးရွာ ပြည်သူအများစုမှာ ထိုအုပ်စုတွင် ပါဝင်သည့်တိုင် ထောက်ပံ့မှု မရကြကြောင်း သျှမ်းသံတော်ဆင့်၏ စုံစမ်းချက်အရ သိရသည်။
“ပြည်ပကနေ ထောက်ပံ့တာရှိရင် အစိုးရထောက်ပံ့မှု မရဘူးလို့ ပြောပေမဲ့ သင်္ကြန်တွင်းမှာ လာဝေတုန်းကတော့ ပြည်ပထောက်ပံ့မှု ရှိတဲ့သူလည်း ရတယ်။ တကယ် လိုအပ်နေတဲ့ ကျေးလက်အိမ်တွေ တစ်အိမ်မှ မရဘူး။ ကျမတို့ ရှမ်းတွေ အများစု နေတဲ့ရွာ ဆိုရင် တစ်ယောက်မှ မရဘူး” ဟု သျှမ်းတောင် လင်းခေးမြို့ဒေသခံ နန်းခမ်းလောင်လျန်းကပြောသည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နှင့် လင်းခေးမြို့နယ်တွင်လည်း ယင်းကိစ္စမှာ မရှင်းလင်းကြောင်း၊ များသောအားဖြင့် လူမျိုးစုများ နေထိုင်သည့် ကျေးရွာများ ထောက်ပံ့မှု ပစ္စည်းလုံးဝ မရကြောင်း၊ မြို့ပေါ်နေ လူတန်းစားသာ ရရှိကြောင်း နန်းခမ်းလောင်လျန်းက ကြုံခဲ့သည့် အဖြစ်အပျက်ကို ပြောပြသည်။
“ ကျမ ကတော့ မရဘူး။ ဒါပေမယ့် ရတဲ့သူတွေက ပြောတာ ဆန်က အရမ်းကြမ်းတယ်တဲ့။ ဘာဆန်တွေပေးလဲ မသိဘူး။ ပေးတဲ့ပစ္စည်းကလည်း အိမ်ထောင်တစ်စုမှာ ငါးဦးဆိုရင် မလောက်နိုင်ဘူး” ဟု နန်းခမ်းလောင်လျန်းက ပြောသည်။
အခြေခံလူတန်းစားများကို ပစ္စည်းဝေငှမှုတွင် သေချာစိစစ်မှု မပြုလုပ်ကြောင်း၊ အုပ်ချုပ်ရေးမှူးများ လုပ်ဆောင်ချက် အားနည်းကြောင်း ဝေဖန်ပြောဆိုချက် များပြားစွာ ရှိသည်။
“အုပ်ချုပ်ရေးမှူးတွေ ပွင့်လင်းမြင်သာမှု မရှိဘူး။ စာရင်းဇယားတွေ ကို ထုတ်ပြတာမရှိဘူး။ ကျေးရွာဘက် ထောက်ပံ့မှုကရသင့်သလောက်မရဘူး” ဟု ကျောက်မဲဒေသခံ စိုင်းစိုင်းက ပြောသည်။
သျှမ်းပြည်အစိုးရအနေဖြင့် နယ်မြေ ကွင်းဆင်းပြီး ဒေသခံပြည်သူများ၏ အခက်အခဲကို လိုက်လံ ကြည့်ရှုပေးစေလိုကြောင်း၊ လက်ရှိ ကိုဗစ်-၁၉ ကာလတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် စားဝတ်နေရေးလည်း ခက်ခဲလာကြောင်း စိုင်းစိုင်းက ထပ်လောင်းပြောသည်။
“ကျနော်ကတော့ မြေပြင်ဆင်းပြီး ပြည်သူတွေကို ထောက်ပံ့တာ ထိရောက်လား မထိရောက်လားဆိုတာ မြင်စေချင်တယ်” ဟု စိုင်းစိုင်းက ပြောသည်။
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် အစိုးရ ထောက်ပံ့ပစ္စည်းများနှင့်ပတ်သက်ပြီး ပြဿနာ တစုံတရာ မရှိဘဲ သင်္ကြန်တွင်းက စားသောက်ကုန် ဖူလုံနိုင်ခဲ့သော်လည်း ရေရှည်တွင်မူ ပြဿနာ ရှိလာနိုင်ကြောင်း ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ပါဝင်လှုပ်ရှားနေသူ ဆီဆိုင်ဒေသခံ ဦးစံဝင်းမောင်က ပြောသည်။
“လူတိုင်းမရဘူး။အရမ်းကို ဆင်းရဲနွမ်းပါးပြီး စားရသောက်ရမဲ့အနေအထား လူတန်းစားကိုပဲ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက စိစစ်ရတယ်။ ဒီမှာတော့ ပြဿနာတော့ မရှိသလောက်ပါပဲ” ဟု ဦးစံဝင်းမောင်က ဆိုသည်။
သို့သော် သင်္ကြန်နောက်ပိုင်း မည်ကဲ့သို့ ပြဿနာမျိုး ကြားရမည်ကို မသိရှိကြောင်း ဦးစံဝင်းမောင်က ပြောသည်။
သျှမ်းပြည်အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွှန့်လွင်က “သျှမ်းပြည်မှာ သင်္ကြန်ကာလ အစိုးရရဲ့ ထောက်ပံ့မှု ဝေတာ အအောင်မြင်ဆုံးလို့ ပြောလို့ ရတယ်။ ပြဿနာ သိပ်မရှိဘူး” ဟု ပြောသည်။
သင်္ကြန်ကာလအတွင်း သျှမ်းပြည်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၁သိန်းကျော်ကို ထောက်ပံ့နိုင်ခဲ့ကြောင်းလည်း ဦးစိုးညွှန့်လွင်က ဆိုသည်။
"သင်္ကြန်ကာလ ပြီးပြီဆိုတော့ သင်္ကြန်အလွန်ကို ကျနော်တို့ ထပ်ပြီး ထောက်ပံ့သွားဖို့ ရှိပါတယ်”ဟုလည်း ဦးစိုးညွန့်လွင် က ထပ်လောင်းပြောသည်။
သင်္ကြန်အလွန် ထပ်မံ ထောက်ပံ့ပါက အစိုးရအဖွဲ့အနေဖြင့် သေချာစိစစ် ကွင်းဆင်းပြီး အခြေခံလူတန်းစားများ၏ လက်ထဲအရောက် အပ်နှံပေးစေလိုကြောင်း၊ သင်္ကြန်ကာလတွင်းကဲ့သို့ မဖြစ်စေလိုကြောင်းလည်း သျှမ်းပြည်ဒေသခံများက တောင်းဆိုလိုက်သည်။
“သင်္ကြန်အလွန်ကတော့ လိုအပ်ချက်တွေ ပိုများလာမယ်။ စီးပွားရေးလည်း မလုပ်ရတော့ လူတိုင်းနီးပါး၊ အဓိက လက်လုပ်လက်စားတွေကလည်း စားဝတ်နေရေးခက်လာမယ်။ ဒါကြောင့် သူတို့ကိုလည်း ထည့်တွက်ပေးစေလိုပါတယ်” ဟု သျှမ်းပြည်မြောက်ပိုင်း မူဆယ်ဒေသခံ စိုင်းလှမောင်က ဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၂၁ ဦးရှိပြီး ဆေးကုသဆဲ ၁၀၇ဦး၊ သေဆုံးသူ ၅ဦး နှင့် ပြန်လည် နေကောင်းလာသူ ၉ ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ဧပြီ ၂၁ ရက်ထိ ထုတ်ပြန်ချက်အရသိရသည်။
ယခုနောက်ပိုင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ပိုများလာသလို သျှမ်းပြည် တဝှမ်းတွင်လည်း ၆ဦးထိရှိလာသဖြင့် ပြည်သူများ စိုးရိမ်လျက်ရှိပြီး အလုပ်အကိုင်များ၊ အရောင်းအဝယ်များ ရပ်နားထားရသည်။
ထို့ကြောင့် သင်္ကြန် ရုံးပိတ်ရက်ထက် သင်္ကြန် အလွန်ကာလ တွင် ပြည်သူများ စားဝတ်နေရေး ပိုမိုကျပ်တည်းလာကြောင်း၊ အစိုးရ အနေဖြင့် စီမံကိန်း တစ် ရပ် ရေးဆွဲ ထောက်ပံ့ကူညီပေးစေလိုကြောင်းလည်း သျှမ်းပြည်သူများက ပြောဆိုလိုက်သည်။
“ ကပ်ဆိုးကြီးက ဘယ်လောက်ထိကြားမှာလဲမသိဘူး။ ကပ်ဆိုးကာလ ရှိနေသရွေ့တော့ စားဝတ်နေရေး အတွက် အားလုံး အခက်ဖြစ်မှာပဲ။ ကျေးရွာပြည်သူတွေလည်း ပိုပြီး ထိခိုက်လာနိုင်ပါတယ်” ဟု ဦးစံဝင်းမောင်ကပြောသည်။
သျှမ်းပြည်အစိုးရအနေဖြင့် ထပ်မံ ထောက်ပံ့ပေးစေလိုကြောင်း ၊ ထောက်ပံ့သည့်အခါတွင်လည်း သျှမ်းပြည်နယ် မြို့နယ်များနှင့် ဝေးလံသည့် ကျေးရွာများထံ ရောက်ရှိရန်၊ အမှန်တကယ် လိုအပ်သည့် ပြည်သူများထံ ရောက်ရှိစေရန် စိစစ်ပေးစေလိုကြောင်း သျှမ်းပြည်ဒေသခံများက တောင်းဆိုလိုက်သည်။







