နန်းဆိုင်ဖူး — သျှမ်းပြည်တွင် COVID-19 ရောဂါ စစ်ဆေးနိုင်ရန် စက် ၂လုံး မကြာမီ ရောက်ရှိလာမည်ဟု သျှမ်းပြည်အစိုးရအဖွဲ့ထံမှ စုံစမ်းသိရသည်။
“သျှမ်းပြည်နယ်အတွက် သတင်းကောင်းတစ်ခုကတော့ COVID-19 နဲ့ပတ်သက်ပြီးတော့ စမ်းသပ်ရေးစက် ၂ စုံ လှူဒါန်းဖို့ ကမ်းလှမ်းထားပါတယ်။ တစ်စုံကို သိန်း ၄၀၀၀ ပတ်ဝန်းကျင် ရှိပါတယ်။ အဲဒီစက်တွေကို ကျနော်တို့ သျှမ်းပြည်ကို လာရောက်လှူဒါန်းထားပါတယ်” ဟု သျှမ်းပြည်နယ်အစိုးရပြောခွင့်ရ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးညွန့်လွင် ကပြောသည်။
အဆိုပါ စက် ၂လုံးကို သျှမ်းမြောက် လားရှိုးပြည်သူ့ဆေးရုံ နှင့် သျှမ်းတောင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ထားရှိသွားမည်ဖြစ်ကြောင်း ဦးစိုးညွန့်လွင်က ပြောသည်။
လားရှိုးဆေးရုံအတွက် COVID-19 ဓါတ်ခွဲစမ်းသပ်စက် ၁ စုံကို ငါးပါးသီလ ဘုရားစာသင်ကျောင်းသားဟောင်းများကလည်းကောင်း၊ တောင်ကြီး စဝ်စံထွန်းဆေးရုံအတွက် စက် ၁ စုံကို မဟာယန ယူနန် ဗုဒ္ဓဘာသာ ရန်ပုံငွေ ရှာဖွေရေးကော်မတီကလည်းကောင်း လှူဒါန်းကြမည်ဟု သိရသည်။
“လှူဒါန်းတဲ့အခါမှာ လက်ခံဖို့ မခံဖို့က ကျနော်တို့က ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနကို လမ်းညွန်မှု ခံယူထားပြီး ဖြစ်ပါတယ်။ သူတို့ကနေ ခွင့်ပြုလိုက်တာနဲ့ တစ်ပြိုင်တည်း ၂၂ ရက်နေ့မှာ ယူနန်ကနေ မန္တလေး ကိုရောက်မယ်လို့ ပြောပါတယ်”ဟု ဦးစိုးညွန့်လွင် ကပြောသည်။
အဆိုပါစက်များ ရောက်ရှိလာပါက သျှမ်းပြည်ရှိ သံသယလူနာများကို လျင်လျင်မြန်မြန် ဓါတ်ခွဲစမ်းသပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိမှာ မြန်မာနိုင်ငံတွင် COVID-19 ရောဂါစစ်ဆေးနိုင်သည့် စက်မှာ ရန်ကုန်ရှိ အမျိုးသားဓာတ်ခွဲခန်းသာ ရှိသည်။
ထို့ကြောင့် မြန်မာပြည် အနှံ့ရှိ COVID-19 သံသယ လူနာ၏ ဓာတ်ခွဲနမူနာကို ရန်ကုန်မြို့ထိ ပို့ဆောင်ရသည်မှာ ခက်ခဲမှုရှိသကဲ့သို့ သျှမ်းပြည်အတွင်းမှ COVID-19 ဓာတ်ခွဲနမူနာကိုလည်း သက်ဆိုင်ရာမြို့နယ်မှ ကျန်းမာရေးဝန်ထမ်း တစ်ဦးက ယူဆောင်ကာ ကမ္ဘောဇ လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့အထိ လိုက်ပါပို့ဆောင်ပေးရသည်ဟု သိရသည်။







